COVID-19 နှင့် စူပါ ပါဝါနိုင်ငံကြီး ၂ ခု - Kanbawza Tai News

Breaking

Boxed(True/False)

Friday, June 19, 2020

COVID-19 နှင့် စူပါ ပါဝါနိုင်ငံကြီး ၂ ခု


စိုင်းကွမ်းမိုင်း
.
ကမ္ဘာ့ကပ်ရောဂါ ဖြစ်သည့် COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံ များအားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ထင်ရှား ပေါ်လွင်စေသော်လည်း အဓိက အင်အားကြီး နိုင်ငံများ ပါဝင်မှုနှင့် ပတ်သက်၍ ဂါဒီးယန်း သတင်းစာ အယ်ဒီတာ့အာဘော်တွင် သုံး သပ်ထားသည်ကို တွေ့ရှိရသည်။
.
တရုတ်နှင့် အမေရိကန် (G-2)
အမြော်အမြင် ကြီးမားသည့် ဘိုးဘွားများက ကမ္ဘာ့အရှေ့ပိုင်း ဒေသနှင့် အနောက်ပိုင်း ဒေသတို့သည် တစ်နေ့နေ့တွင် ပေါင်းဆုံ ကြပြီးနောက် ခေါင်းဆောင်မှု ပုံစံသစ် တစ်မျိုးဖြင့် အုပ်ချုပ်၍ ကမ္ဘာကြီးအား ပြန်လည်၍ အင်အား တောင့်တင်းစေလိမ့်မည်ဟု ကြိုတင်ကာ ဟောကိန်း ထုတ်ခဲ့ကြသည်။ တရုတ်နှင့် အမေရိ ကန် (G-2)နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် အဓိက အငြင်းပွားဖွယ် ရာ ကိစ္စရပ်များအပေါ် နှစ်ဘက် သဘောတူညီမှု ရယူ၍ ပူးပေါင်း ကြပြီး နိုင်ငံတကာ အသိုက်အဝန်းအား လိမ္မာပါးနပ်စွာ ထိန်း ကျောင်း မောင်းနှင်သွားကြသည် ဆိုသည့် စိတ်ကူးယဉ် အတွေး သည် အိပ်ရာဝင် နတ်သမီးပုံပြင်ကဲ့သို့ နားထောင်ကောင်းခဲ့သည်။ သို့သော်လည်း ယနေ့ကာလအချိန်အခါတွင်ကား ထိုစိတ်ကူး ယဉ် အတွေးက ဆိုးရွားသော ရယ်ရွှင်ဖွယ်ရာ ပြက်လုံးတစ်ခုအ ဖြစ်သို့ ရောက်ရှိသွားခဲ့တော့သည်။ ကမ္ဘာ့ကပ်ရောဂါ COVID-19 က ကမ္ဘာ့လူသားသန်းပေါင်း မြောက်များစွာတို့၏ အသက်အန္တ ရာယ်ကို ခြိမ်းခြောက်နေပြီး နောက်ဆက်တွဲ အနေဖြင့် ကမ္ဘာ့ လွှမ်းခြုံ စီးပွားရေး အကြပ်အတည်း ဖြစ်နေသည့် တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ ချို့ယွင်းအားနည်းချက်များက လည်း တစ်စထက်တစ်စ ပိုမို၍ ထင်ရှားပေါ်လွင်လာတော့သည်။
.
လျှို့ဝှက်ပူးပေါင်း ကြံစည်မှု သီအိုရီ
တရုတ်အာဏာပိုင်များသည် ဟူဘေးပြည်နယ် ဝူဟန်မြို့ တွင် COVID-19 ဗိုင်းရပ်စ် စတင်ပျံ့ပွားနေသည်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ပြီး ထိုကိစ္စရပ်အား ဖော်ထုတ်အသိပေး ဖြန့်ဝေလိုသည့် သူများကို နှောင့်ယှက်ဟန့်တားခဲ့သည်။ ထို လုပ်ရပ်ကြောင့်ပင်  COVID-19 သည် တရုတ်ပြည် အနှံ့ ပျံ့နှံ့ရုံမျှ မကတော့ဘဲ တ ရုတ်နိုင်ငံ နယ်နိမိတ်အား ကျော်ဖြတ်ကာ ဥရောပဒေသတစ်လွှား နှင့် အမေရိကတိုက်သို့တိုင် ကျော်လွန်ရောက်ရှိသွားတော့သည်။ တရုတ်နိုင်ငံအတွင်း ပျံ့နှံ့မှုကို ပြင်းထန်ရက်စက်သည့် အရေးယူ ဆောင်ရွက်မှုများဖြင့် ထိန်းချုပ်ထားနိုင်သည်ဟု ဆိုရသော်လည်း အကယ်၍ ဗိုင်းရပ်စ် စတင်ပျံ့နှံ့စဉ်က အသိပေးခဲ့မည်ဆိုလျှင် အခြားအခြားသော နိုင်ငံများအတွက် ကြိုတင်ပြင်ဆင်ချိန် ပိုမို၍ ရနိုင်ခဲ့မည် ဖြစ်ပေသည်ဟု ဝေဖန်သုံးသပ်ထားသည်။ တရုတ်သံ တမန်များနှင့် အစိုးရ သတင်းဌာနများက ထိုဗိုင်းရပ်စ်ပိုးကို အ မေရိကန် ပြည်ထောင်စုက စတင် ဖန်တီးခဲ့သည်ဆိုသော လျှို့ ဝှက် ပူးပေါင်းကြံစည်မှု သီအိုရီ ဖြစ်သည်ဟူ၍ ပြောဆိုသတင်း ဖြန့်ပြီးသည့် နောက်မှသာ ပြန်လည်၍ အရှိန်သပ်ခဲ့ကြသည်။ မတ်လ ဒုတိယပတ်တွင်း၌ တစ်ကမ္ဘာလုံးမှ ကပ်ရောဂါအပေါ် အာရုံစိုက်လာချိန်တွင် တရုတ်အာဏာပိုင်များသည် အရေးပါ သော သတင်းအဖွဲ့အစည်းများမှ အမေရိကန် အခြေစိုက်သတင်း သမားများကို တရုတ်နိုင်ငံအတွင်းမှနေ၍ နှင်ထုတ်ခဲ့ကြသည်။ ထိုလုပ်ရပ်ကို အမေရိကန်တို့မှလည်း လက်တုံ့ပြန်သည့် သဘော ဖြင့် တရုတ်အစိုးရ မီဒီယာ ကုမ္ပဏီများအပေါ် ထိန်းချုပ်မှုများကို ပိုမို လုပ်ဆောင်လာသည်။
.
WHO မှ သတိပေးချက်
COVID-19 ပျံ့နှံ့နေသည့် သီတင်းပတ်များစွာအတွင်း အမေ ရိကန်သမ္မတ ထရမ့်ကလည်း COVID-19 ကပ်ရောဂါအပေါ် စိုး ရိမ်ပူပန်မှုများကို ဘေးချိတ်ထားပြီး ယင်းဗိုင်းရပ်စ်များသည် မ ကြာမီအတွင်း ပျောက်ကွယ်သွားမည့် ဗိုင်းရပ်စ်ပိုးများကို သေချာ စွာ ထိန်းချုပ်သွားနိုင်မည် စသည်ဖြင့် လေလုံးထွားကာ ပြောဆို လျက်ရှိသည်။ ထရမ့်၏ လေလုံးထွား ပြောဆိုမှုသည်ကား အရာ မရောက်ခဲ့ပေ။ ပြည်နယ်များ၏ လိုအပ်ချက်များကို ကူညီဖြည့် ဆည်းပေးရမည့် ပြည်ထောင်စုအစိုးရ၏ တာဝန်များကို လျစ်လျူ ရှုထားကာ စီးပွားရေး လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်စေလိုသည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အမေရိကန် ပြည်ထောင်စုသည် ကပ်ရောဂါ ပျံ့နှံ့ရာဗ ဟိုဌာန အချက်အချာဒေသ ဖြစ်လာနိုင်ဖွယ်ရာ ရှိသည်ဟု သတိ ပေးထားသည့်တိုင် စီးပွားရေးလုပ်ငန်းများကို ပုံမှန်လုပ်ရန် ဖြစ် နိုင်သည့် ပုံစံမျိုးအဖြစ် ထရမ့်က ပြောဆိုလျက်ရှိသည်ဟု ဝေဖန် သုံးသပ်ထားသည်။ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပြည် နယ်အုပ်ချုပ်ရေးမှူးများကား မျှော်လင့်ချက် ကင်းမဲ့လျက်ရှိ သည်။ အမေရိကန် ပြည်ထောင်စုအတွက် ဖြစ်နိုင်ချေရှိသည့် ကာ ကွယ်ဆေး ထုတ်လုပ်နိုင်ရန်အတွက် ဂျာမဏီ ကုမ္ပဏီတစ်ခုဖြင့် ပူးပေါင်းရန် ထရမ့်မှ ဆွေးနွေးခဲ့သည်။ ထိရောက်ကာ ဘေးထွက် ဆိုးကျိုး မရှိကြောင်း စိစစ်အတည်ပြုမှု မရသေးသည့် ကုသမှုတစ် ခုကို သုံးစွဲသွားရန် အားပေးအားမြှောက်မှု ရှိခဲ့သည်။ COVID-19 ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှု အများဆုံး နိုင်ငံစာရင်းတွင် ပါဝင်နေ သည့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ထရမ့်အစိုးရ အဖွဲ့က တင်းကျပ်ခဲ့ခြင်းသည်လည်း ရက်စက်သည့် လုပ်ရပ်ဟူ ၍ ဝေဖန်ထားသည်။ COVID-19 ပျံ့နှံ့မှုကြောင့် မုန်းတီးမှု အခြေခံ သော ပြစ်မှုများ၊ အရှက်သိက္ခာကျမှုများ ဖြစ်နေချိန်တွင် မတ်လ ဒုတိယပတ်ထိ ထရမ့်က တရုတ်ဗိုင်းရပ်စ်ဟု ရည်ညွန်းပြောဆိုခဲ့ သည်။
.


.
ထရမ့်ဝဋ်လည်ခံရခြင်း
သို့သော်လည်း တရုတ်ကို လက်ညှိုးထိုး ကဲ့ရဲ့ခဲ့သည့် ထရမ့် သည်လည်း မကြာမီကာလမှာပင် ဝဋ်လည်တော့သည်။ COVID- 19 နှိမ်နင်းရေးအတွက် လိုအပ်သည့် နှာခေါင်းစည်းကဲ့သို့သော ပစ္စည်းကိရိယာများကို တရုတ်နိုင်ငံအတွင်းမှပင် ထုတ်လုပ်လျက် ရှိခြင်းကြောင့်ပင် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုအတွင်း တွင် ပင်နီစလင်နှင့် အက်စပရင်ဆေးများ ထုတ်လုပ်မှု ရပ်ဆိုင်း သွားခြင်းအတွက် တရုတ်ကုမ္ပဏီများ၏ ဈေးကွက် လုယက် ခေါင်းပုံဖြတ်သည့် ဈေးနှုန်းအပေါ် အချို့သူများက အပြစ်ပုံချကြ သည်။ သို့သော်လည်း နိုင်ငံ၏ အဓိက အရင်းအမြစ် သယံဇာတ များကို ကာကွယ်ရန် ပျက်ကွက်ပြီး နိုင်ငံခြား ထုတ်ကုန်များအ ပေါ် မှီခိုနေမှုအတွက် အမေရိကန်ဘက်မှ ကျေနပ်နေခြင်းက လည်း အပြစ်တင်ဖွယ်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
.

အမေရိကန် ပြည်ထောင်စု၏ ပျက်ကွက်မှုများကြောင့် တ ရုတ်အပေါ် အပြစ်တင်ဖွယ်ရာများ ရှိပါလျက် တရုတ်နိုင်ငံက မိမိ ၏ ပုံရိပ်အား ပြန်လည်ပြုပြင်ရန် အခွင့်အလမ်းများ ရရှိပြီး နိုင်ငံ တကာ အသိုက်အဝန်းများအပေါ် ဩဇာသက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် မတ်လ ဒုတိယပတ်အတွင်းတွင် ဆားဗီးယား သမ္မတ က မိမိတို့နိုင်ငံအား ကူညီနိုင်သည့် တစ်ခုတည်းသော နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ဥရောပနိုင်ငံများအကြား၌ စည်းလုံးညီညွတ် မှု မရှိခဲ့ဆိုပြီး ဧပြီလကုန်ပိုင်းမှသာလျှင် နှာခေါင်းစည်းများနှင့် ဆေးပညာ ကျွမ်းကျင်သူ တရုတ်ပညာရှင်များသည် ဆားဗီး ယားသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိ အခြေအနေတွင်လည်း အ မေရိကန် ပြည်ထောင်စုတစ်ဝန်းလုံးတွင် COVID-19 ဗိုင်းရပ်စ် ကြောင့် သေဆုံးသူဦးရေသည် ကမ္ဘာပေါ်၌ အများဆုံး စံချိန်တင် ဆုံးရှုံးခဲ့သည်။ နယူးယောက်ဒေသ တစ်ခုတည်းမှာပင် သေဆုံး သူ သောင်းဂဏန်းသို့ပင် ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံတွင်း၌ COVID-19 ပျံ့နှံ့နေချိန်တွင် EU အဖွဲ့က တရုတ်သို့ ပေးပို့ကူညီခဲ့ သော ပစ္စည်းများကလည်း အမျိုးအစား စုံလင်ခဲ့သည်။ EU အဖွဲ့ ဝင်နိုင်ငံများသည် ဆေး၊ ဆေးပစ္စည်း ကိရိယာများစွာကို အိမ်နီး ချင်း နိုင်ငံများအကြား၌ မျှဝေလျက် သုံးစွဲခဲ့ကြသည်။
.
EU အဖွဲ့ အကြီးအကဲ မစ္စတာဘောရဲလ် Mr Balval က မတ် လ ၂၄ ရက်နေ့တွင် ဩဇာလွှမ်းမိုး ကြီးစိုးရန် ကြိုးပမ်းမှုများကို သတိပေးစကား ပြောကြားရာ၌ ပေးကမ်းရက်ရောမှုဆိုင်ရာ နိုင် ငံများလည်း ပါဝင်ခဲ့သည်။ စည်းလုံးညီညွတ်မှုသည် အပြော သက်သက် မဟုတ်ကြောင်း ဖော်ပြရမည်ဟုလည်း မစ္စတာဘော ရဲလ်က ထည့်သွင်းပြောကြားခဲ့သည်။
.
COVID-19 ကမ္ဘာ့ကပ်ရောဂါသည် နိုင်ငံတကာ အသိုက်အ ဝန်းအတွင်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့် အချက်ကိုအ ထင်အရှား ဖော်ပြလျက်ရှိပေသည်။ ပြဿနာ အရပ်ရပ်(စားဝတ် နေရေး၊ အလုပ်လက်မဲ့များ၊ ကျန်းမာရေး)တို့သည်လည်း ကမ္ဘာ့ ရပ်ဝန်းဒေသအားလုံးသို့ လွှမ်းခြုံကာ ဂယက်ရိုက်ခတ်လာပြီဆို လျှင် ယင်းစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းကြရမည်သာ ဖြစ်သည်။ နောက်ဆုံး WHO ၏ သတင်း ထုတ်ပြန်ချက်အရ COVID-19 ကူး စက်ဖြစ်ပွားမှုနှုန်းသည် ၂ သန်းနီးပါး ရှိခဲ့ပြီး လူဦးရေ ၁ သန်း နီး ပါး သေဆုံးခဲ့ကြောင်း တင်ပြထားသည်ကို တွေ့ရှိရသည်။ သို့ သော်လည်း COVID-19 ကပ်ရောဂါ ထပ်မံဖော်ပြချက်အရ အဓိ က အင်အားကြီး ၂ နိုင်ငံ (တရုတ်နှင့် အမေရိကန်)စလုံးက ဦး ဆောင်မှု ပြုလုပ်ရန် သင့်တော်ခြင်း မရှိသကဲ့သို့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန်လည်း စိတ်ဝင်စားပုံ မရှိကြချေ။ ထို့ကြောင့် ကျန် ကမ္ဘာ့နိုင်ငံများ အားလုံးသည် ယနေ့ ကျန်းမာရေး ချို့ယွင်းနေသည့် ကမ္ဘာတွင် ဦးဆောင်မှု ကင်းမဲ့လျက်ရှိသောကြောင့် မိမိ နည်းလမ်း မိမိဟန်ဖြင့်သာ ပူးပေါင်းဆောင်ရွက်ကြရမည်သာ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)