မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မန်ဆူဈေးကို
ရွှေချမ်းမြေ့ဈေး အဖြစ် ဇွန်လ ၂၂ ရက်က
စတင်၍ အမည် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း
အဆိုပါ ဈေးကော်မတီဥက္ကဌ
ဦးမောင်ငယ်ထံမှ သိရသည်။
.
“ မန်ဆူဆိုတာက မင်းဘုရား ဆိုတဲ့အဓိပ္ပါယ်လည်း ယူကြတယ်၊ ဈေးက
အဲဒီအဓိပ္ပါယ်ဆိုတော့ ဈေးသူဈေးသားများက ရောင်းဝယ်တာ မကောင်းဘူးလို့ ယူဆလာကြတယ်။ ဈေးစဖွင့်ကတည်းက အရောင်းအဝယ် မကောင်းကြလို့
သူတို့တွေ တွေ့ဆုံ ဆွေးနွေးမှု ညှိနှိုင်းငြင်းဆန်မှု များစွာ ပြုလုပ်ခဲ့ကြပြီး
စည်ပင်အရာရှိ ၂ ဦး ပြောင်းပြီး နောက်မှာ လူအများစု မဲဆန္ဒနဲ့ အမည် ရွေးကြရင်း
ရွှေချမ်းမြေ့ဆိုတဲ့ အမည်ရပြီး အဆင့်ဆင့် တင်ပြခဲ့ပါတယ်။ လူကြီးတွေ မကြာခဏ လာရောက်
စစ်ဆေးပြီးတော့မှ အခု အတည်ပြုချက်ရလို့ ဈေးအမည် ပြောင်းလဲလိုက်တာပါ။” ဟု ယခင်မန်ဆူဈေး၊ ယခု ရွှေချမ်းမြေ့ ဈေးကော်မတီ ဥက္ကဌ
ဦးမောင်ငယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မန်ဆူ ဆိုသည်မှာ ရှမ်းဘာသာဖြင့် မြန်မာမင်းဟု
ယူဆသလို ၎င်းက ဘုရားတည်ခဲ့သည်ဟု
ယူဆချက်ဖြင့် ဘုရားအမည်ကို စီးပွားရေး လုပ်ငန်းများ ခံယူထားသဖြင့် စီးပွားမဖြစ်ခြင်းဟု
ယူဆခဲ့ကြသည့်အတွက် ယခင်ဈေးဟောင်း ရှိစဉ်က ဈေးဆိုင်ခန်း ၁၃၈၀ ခန်း ရှိခဲ့သော်လည်း
ယခု မန်ဆူပလာဇာနှင့် ဈေးအဖြစ် ပြန်လည် တည်ဆောက်ရာတွင် ယခင် ကိုးကန့်ကွင်း ခေါ်တွင်သည့်
ယခုနေရာ၌ A ရုံတွင် အခန်း ၉၀ ၊ B ရုံတွင် အခန်း ၉၀ ၊ C ရုံတွင် အခန်း ၂၄
ခန်း၊ D ရုံတွင် ၂၄ ခန်းဖြင့်
ဆိုင်ခန်း ၂၄၄ ခန်း ရှိပြီး ၃ ထပ် ပလာဇာတွင် မြေညီထပ် ၂၃ ခန်း၊ ပထမထပ်တွင် ၂၄
ခန်း၊ ဒုတိယထပ်တွင် ၂၄ ခန်းဖြင့် စုစုပေါင်း ၇၁ ခန်း ရှိပြီး လူနေတိုက်ခန်း ၄၀ တွင်
အောက်ထပ်အား ဈေးဆိုင်၊ အပေါ်ထပ်တွင် လူနေသည့်အတွက် ယခုရွှေချမ်းမြေ့ အမည် ပြောင်းလဲသည့်
ပလာဇာတွင် စုစုပေါင်း အခန်း ၃၅၅ ခန်း ရှိကြောင်း ၎င်းက ရှင်းပြသည်။
.
ဈေးသူ ဈေးသားများက ၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်က
တင်ပြခဲ့ပြီးနောက် ယခုတွင် အမည် ပြောင်းလဲရန် ခွင့်ပြုချက် ရရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
“ မန်ဆူဆိုတာ ရှေး ရှမ်းရွာ အမည် ဖြစ်ပါတယ်။ လှပြီးသားပါ၊
ပြောင်းစရာ မလိုဘူး။ ” ဟု လားရှိုးမြို့နယ်
ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းကျော်ဌေးက ပြောသည်။
.
ဒေသခံ အများစုကမူ ဈေး၏ မူလအမည်ကို စွဲထင်နေကြပြီ ဖြစ်ပြီး
အမည်ပြောင်း၍ ဈေရောင်း ကောင်းမည် ဆိုသည့် ယူဆချက်ကို လက်မခံကြဘဲ အမည် မပြောင်းသင့်ကြောင်း
ဝေဖန်ပြောဆိုမှုအချို့ ရှိနေကြောင်း
သိရသည်။
No comments:
Post a Comment