ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်လျှပ်စစ်မန်နေဂျာ ဦးသက်ပိုင်မျိုးနှင့် တွေ့ဆုံမေးမြန်းခြင်း - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 28, 2020

ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်လျှပ်စစ်မန်နေဂျာ ဦးသက်ပိုင်မျိုးနှင့် တွေ့ဆုံမေးမြန်းခြင်း


ထက်တိုင်းကျော် တွေ့ဆုံမေးမြန်းသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်း ရှိ မြို့တော်ခန်းမတွင် ဇွန်လ ၁၆ ရက်က လျှပ်စစ်စွမ်းအား ဝန် ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ပြည်သူများသို့ လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်း လင်းခြင်း၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။
.
ယင်းကဲ့သို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ် လျှပ်စစ်မန်နေဂျာ ဦးသက်ပိုင်မျိုးနှင့် တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။   ကျိုင်းတုံမြို့ကို မဟာဓါတ်အားလိုင်း ရောက် လာခဲ့ရင် လက်ရှိ ပုဂ္ဂလိက စွမ်းအင်ကုမ္ပဏီနဲ့ ဆရာတို့ဌာန အနေနဲ့ ပြည်သူကို ဘယ်လို မီးပေးပြီး ကျသင့် ယူနစ်ခကို ဘယ် လို ကောက်ခံသွားမှာလဲ ဆိုတာကို သိပါရစေ။
ဦးသက်ပိုင်မျိုး။  ကျိုင်းတုံ စွမ်းအင်ကနေ ခုလက်ရှိ ကောက်ခံ နေတဲ့ ဈေးနှုန်းကို မဟာဓါတ်အားလိုင်း မီးပေးချိန်ကစပြီး အစိုး ရ ဈေးနှုန်းနဲ့ ပြောင်းလဲ ကောက်ခံမယ်လို့ ညှိနှိုင်း သဘောတူ ထားပါတယ်။ ပြည်သူကို မီးပေးဖို့အတွက် ဓါတ်အားခွဲရုံအမှတ် (၁)ကို ကျွန်တော်တို့ ဌာနက ကြီးကြပ်တာဝန်ယူ လျှပ်စစ်ဓါတ် အား ဖြန့်ဖြူးပေးမှာ ဖြစ်ပြီး ဓါတ်အားခွဲရုံအမှတ်(၂) အနေနဲ့ ကျိုင်းတုံစွမ်းအင်ပိုင် နေရာကနေ မီးပေးနိုင်မှာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။   အစိုးရရဲ့ မဟာဓါတ်အားလိုင်းနဲ့ ခု လက်ရှိ ပုဂ္ဂလိကစွမ်းအင် ကုမ္ပဏီတို့ပါ မီးပေးနိုင်တော့မယ် ဆိုရင် ကျိုင်း တုံမြို့အတွက် ၂၄ နာရီ မီးရနိုင်ပြီလား ဆရာ။
ဦးသက်ပိုင်မျိုး။  ဓါတ်အား လုံလုံလောက်လောက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျိုင်းတုံမြို့တွင်းမှာ လက်ရှိဓါတ်အားလိုင်းတွေကို အဆင့်မြှင့်တင် ပြုပြင်တာနဲ့ အသစ်တိုးချဲ့ တည်ဆောက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေချိန် ဖြစ်စေ၊ ရုတ်တရက် မမျှော် လင့်ဘဲ ဘေးအန္တရာယ် တစ်ခုခုကြောင့်ဖြစ်‌စေ အချိန်ပိုင်း မီး ဖြတ်ထားပေးရတာနဲ့ မီးပြတ်သွားတာတော့ ဖြစ်နိုင်ပါတယ်။
.

ကမ္ဘောဇတိုင်း။   ရုတ်တရက် အကြောင်း တစ်ခုခုကြောင့် မီး ပြတ်သွားတာ ဖြစ်စေ တည်ဆောက်ရေး ဘေးအန္တရာယ် ကင်း ရှင်းရေး လိုအပ်ချက်ကြောင့်ဖြစ်စေ မီး ပြတ်သွားမယ် ဆိုရင်ရော ပြည်သူကို အသိပေးမယ့် အစီအစဉ် ရှိ/မရှိ သိပါရစေ။
ဦးသက်ပိုင်မျိုး။  ရုတ်တရက် ဓါတ်တိုင်ကို ကားတိုက်မိတာ လိုင်းကြိုး ပြတ်ကျတာ ရှိခဲ့ရင်တော့ ဖြစ်တဲ့နေရာကို စစ်ဆေး အတည်ပြုပြီး ပြည်သူကို ထုတ်ပြန်အသိပေးတာနဲ့ တည်ဆောက် ရေး လုပ်ငန်းခွင်အတွက် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လို အပ်လို့ မီးခဏ ဖြတ်ထားရတာရှိရင် ပြည်သူကို ကြိုတင် အသိ ပေးမယ့် အစီအစဉ်တွေကို လုပ်မှာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။   အိမ်သုံးမီတာနဲ့ စီးပွားရေး လုပ်ငန်းလို နေရာ မျိုးမှာ လျှပ်စစ်သုံးစွဲရင် ယူနစ်ခကို ဘယ်လို ပေးဆောင် ရပါသ လဲ။
ဦးသက်ပိုင်မျိုး။  ပါဝါမီတာမရှိလို့ အိမ်သုံးမီတာနဲ့ စီးပွားရေး အတွက်ဖြစ်စေ အသုံးပြုမယ်ဆိုရင်တော့ လုပ်ငန်းသုံး မီတာခကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။   လက်ရှိကျိုင်းတုံစွမ်းအင်ကုမ္ပဏီကနေ ထုတ် ပေးထားတဲ့ မီတာတွေကို ဆက်လက် အတည်ပြုမှာလား။ ဖျက် သိမ်းမှာလားဆိုတာ သိပါရစေ။
ဦးသက်ပိုင်မျိုး။  မီတာ ရပ်/ပျက်/နှေး ဖြစ်ရင်တော့ ကျွန်တော် တို့ဌာန မီတာနဲ့ အစားထိုး တပ်ဆင်ပေးမှာ ဖြစ်ပြီး မီးဆက်ခ ၂၀၀၀ ကျပ်ကို သုံးစွဲသူက ပေးဆောင်ရပါမယ်။ လူ့ပရောဂါနဲ့ မတော်တဆမှု ဖြစ်လို့ မီတာ ပျက်သွားရင်တော့ အစိုးရသတ် မှတ်ဈေးနဲ့ မီတာတန်ဖိုး ပေးရပါမယ်။ ကျိုင်းတုံစွမ်းအင်ကနေ တပ်ဆင်ထားတဲ့ မီတာကို တပ်ဆင် သုံးစွဲခွင့် ရပ်ဆိုင်းမှာဖြစ်‌ပေမဲ့ ပြည်သူ မနစ်နာအောင် ကျိုင်းတုံစွမ်းအင်နဲ့ ညှိနှိုင်းဆောင်ရွက် ပေးဖို့ စီစဉ်နေပါတယ်။
.


.
ကမ္ဘောဇတိုင်း။   ကျေးရွာတချို့မှာ လက်ရှိ ကျိုင်းတုံစွမ်းအင် ကနေ မြို့တွင်းနဲ့ မတူတဲ့ ဈေးနှုန်းနဲ့ ယူနစ်ခ ကောက်ခံနေတာ ရှိတယ်လို့ ကြားရပါတယ်။ ဆရာတို့ မဟာဓါတ်အားလိုင်း မီး ရောက်လာရင်ရော အခုပြောတဲ့ နေရာတွေကို မီတာခ ဘယ်လို ကောက်မှာပါလဲ။
ဦးသက်ပိုင်မျိုး။  မဟာဓါတ်အားလိုင်း မီးပေးချိန်ကို ရောက် ရင်တော့ အဲဒီကိစ္စမျိုး မဖြစ်အောင် ကျွန်တော်တို့ဌာနက ကြီး ကြပ်‌ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
.

ကမ္ဘောဇတိုင်း။   မီတာလျှောက်ထားမယ်ဆိုရင်ရော ဘယ်နေ ရာမှာ လျှောက်ရင် တရားဝင်ပါသလဲ။
ဦးသက်ပိုင်မျိုး။  ကျွန်တော်တို့ဌာနက မြို့နယ် လျှပ်စစ် အင် ဂျင်နီယာရုံးမှာ လာလျှောက်ရမှာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။   မဟာဓါတ်အားလိုင်း မီးရလာချိန်မှာ ပြည်သူ တွေရဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲမှုအတွက် ဘာတွေကို ပြင်ဆင် ထားစေချင်ပါသလဲ။
ဦးသက်ပိုင်မျိုး။  ကျိုင်းတုံမြို့ပေါ်နဲ့ ကျေးရွာ ၈၆ ရွာကို မီးရရှိ အောင် ကြိုးစားဆောင်ရွက်ပေးမှာ ဖြစ်ပေမဲ့ ချက်ချင်းကြီး မီး မရ သေးလို့ဆိုပြီး ဆန္ဒမစောကြဖို့တော့ လိုပါမယ်။ လက်ရှိ ဝန်ထမ်း အင်အားက နည်းပါတယ်။ တိုးမြှင့် ခန့်ထားပေးဖို့လည်း တင်ပြ ထားပါတယ်။ မီး တပ်ဆင်သွယ်တန်းဖို့ အတွက် လုပ်ငန်းစဉ်မှာ အချိန် အတိုင်းအတာ တစ်ခုတော့ စိတ်ရှည်သည်းခံ စောင့်ပေး စေချင်ပါတယ်။
.
ကမ္ဘောဇတိုင်း။   ဆရာ့ အနေနဲ့ ဘာတွေများ ဖြည့်စွက် ပြော ကြားလိုပါသလဲ။
ဦးသက်ပိုင်မျိုး။  အရင်တုန်းက ကျိုင်းတုံမြို့မှာ ဒီဇယ်မီးစက် သုံးပြီးတော့ အချိန်ပိုင်း မီးပေးရတဲ့ အခြေအနေကနေ တစ်ဆင့် နမ့်ဝုတ်နဲ့ နမ့်လ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီး မီးပေး ခဲ့ပေမဲ့ ပြည်သူတွေရဲ့ ဓါတ်အားသုံးစွဲမှု တိုးတက် များပြားလာ လို့ ရေအားလျှပ်စစ် စက်ရုံ‌တွေကို တိုးချဲ့တည်ဆောက်ပြီး ဓါတ် အားပေးခဲ့တဲ့ ကျိုင်းတုံစွမ်းအင် ကုမ္ပဏီရဲ့‌ ဆောင်ရွက်မှုကြောင့် မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီး အထောက်အကူဖြစ်စေ ခဲ့ပါတယ်။ အခု နိုင်ငံတော် ဓါတ်အားစနစ် ရောက်ရင် ပိုပြီး ဓါတ် အား သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။ အထူး ပြောချင်တာကတော့ လျှပ်စစ်ကို လိုအပ်သလောက်သာ စနစ်တကျနဲ့ ချွေတာသုံးစွဲကြ စေချင်ပါတယ်။ လျှပ်စစ် ဘေးအန္တရာယ် ကင်းစေရေးအတွက် လည်း အသိနဲ့ သတိရှိကြပါလို့ ပြောချင်ပါတယ်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း မဟာဓါတ်အားလိုင်း မှ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် သွယ်တန်းရန် ဆောင်ရွက် ခဲ့ရာတွင် နိုင်ငံတော် ဘဏ္ဍာ‌ငွေ ကျပ် ၆၂ ဒသမ ၃၁ ဘီလီယံ အ ကုန်အကျခံ သုံးစွဲခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)