(၃၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅၀ ကျော် တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့တွင် ယနေ့ (ဇွန်လ ၂၆ ရက်)၊ နံနက်ပိုင်းက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ အဝေယာမီးပုံးပျံကွင်းတွင်
မီးရှို့ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်း၌
ဖမ်းဆီး ရမိသည့် ဘိန်း ၂၄၀၁ ကီလိုကျော်၊ ဘိန်းဖြူ ၅၁၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား
၅၁ သန်းကျော်၊ အိုက်စ် ၇၆၂၆ ကီလိုကျော်၊ ကတ်တမင်း ၈၇၀ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး
၁၉ မျိုးနှင့် ဓါတုပစ္စည်း ၃၀ မျိုးတို့ ဖြစ်ကာ တန်ဖိုးငွေအားဖြင့် မြန်မာကျပ်ငွေ ၃၃၇
ဒဿမ ၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၃၂ သန်းကျော်) ရှိကြောင်း သိရသည်။
.
ထို့အတူ လားရှိုးမြို့၊ နယ်မြေခံ တပ်ရင်းရှေ့ရှိ
ဘောလုံးကွင်း၌ မီးရှို့ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသတွင်
တပ်မတော် စစ်ကြောင်းများ၏ ဦးဆောင်မှုဖြင့် သိမ်းဆည်း ရမိသော ဘိန်း ၁၄၆ ကီလိုကျော်၊
ဘိန်းဖြူ ၂၉၁ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ သန်းကျော်၊ အိုက်စ် ၅၀၁ ကီလိုကျော်၊
ကဖင်း ၂၂၀၂ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၄ မျိုးတို့ ဖြစ်ကာ တန်ဖိုးငွေအားဖြင့်
မြန်မာကျပ်ငွေ ၆၀၈ ဒဿမ ၉၄၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂၀ သန်းကျော်) ရှိကြောင်း သိရသည်။
.
အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်
တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်နေ့ အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်ရှိ
တောင်ကြီးမြို့နှင့် လားရှိုးမြို့ အပြင် ရန်ကုန်မြို့၊ မန္တလေးမြို့တို့တွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်
အညီ မီးရှိုးဖျက်ဆီးခြင်း အခမ်းအနားများကို သီးခြားစီ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ပြီးခဲ့သည့်
ဇွန်လ ၂၃ ရက်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၌ တန်ဖိုးငွေ ၃ ဒဿမ ၃၈ ဘီလီယံကျော်ရှိ
မူးယစ်ဆေးဝါးနှင့် ဆက်စပ်ဓါတု ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
အဆိုပါ တောင်ကြီး၊ လားရှိုး၊ ကွတ်ခိုင်၊
ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖျက်ဆီးခဲ့သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး
ထုတ်လုပ်ရာတွင် အသုံးပြုသော ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးငွေမှာ
ကျပ် ၁၂၁၇ ဒဿမ ၇၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော်) ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့၌ ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment