အောင်ဆန်းဝင်း
.
ကမ္ဘာကြီး တိတ်ဆိတ်ဆွံ့အသွားတယ်။
တိတ်တဆိတ် ဆွံ့အခြင်းနဲ့ အတူ ပွက်လောရိုက်ကုန်တာလည်း ရှိတယ်။ ဘယ်အရပ်က ခြေဆန့်လာမယ်မှန်း
မသိတဲ့ သေမင်းတမန် ဗိုင်းရပ်စ်ကြောင့် လူသားထုရဲ့ လှုပ်လှုပ်ခတ်ခတ် ယန္တရားတွေ ရပ်တန့်ကုန်တယ်။
မမြင်ရတဲ့ တရားခံအတွက် တစ်ယောက် မျက်နှာ တစ်ယောက် လက်ညှိုးထိုးကြတယ်။ ပေါက်ဖော်ကြီးတို့
နိုင်ငံက အစပြုလိုက်တာ ကမ္ဘာ့ပုလိပ်ကြီးကိုတောင် မျက်ဖြူ ဆိုက်သွားစေတယ်။ တစ်နေရာ တစ်ခန်း
မရပ်တဲ့ ကိုရိုနာ ဗိုင်း ရပ်စ်ဆန်းက အရပ်ရပ် အပြည်ပြည် ဝင်ခွင့် တောင်းစရာမလို တမ်း
ခရီးဆက်တယ်။ ရောက်လေရာ အရပ်မှာ လူသားထုကြီး ကို အကြီးအကျယ် ဒုက္ခဖြစ်စေတယ်။
COVID-19 လို့လည်း တစ်ကမ္ဘာလုံးက အမည်သမုတ်ခေါ်ဝေါ်ကြတယ်။ ဒီကောင် တော်တော် ဆိုးတယ်။
စစ်ပွဲတိုက်ပွဲဖြစ်တာထက်တောင် လူ သားထုကို အန္တရာယ်ဖြစ်စေခဲ့တယ်။
.
အစပြုတုန်းက ယဉ်သကို
ထင်ရပေမယ့် နောက်ပိုင်းတော့ ပတ်ကြမ်းတိုက် ဘီလူးဆိုင်း တီးလာတယ်။ ရောက်လေရာ အ ရပ်ကို
အလဲလဲ အပြိုပြိုနဲ့ ဖရိုဖရဲဖြစ်အောင် အမွေအနှောက် ဇယားခင်းတယ်။ ဗိုင်းရပ်စ်မာယာအောက်မှာ
ကမ္ဘာ့လူသားထု ကြီး တစ်ချက်အငိုက်မိသွားတယ်။ တစ်ချက်ဆိုမှ တကယ့်ကို တစ်ချက်လေး။ ဒါပေမယ့်
အဲ့ဒီတစ်ချက်လေးက နျူကလီးယား ဗုံးကွဲအားထက် ပြင်းလွန်းတယ်။ အတိုင်းအဆမရှိ ချွေချခံလိုက်
ရတဲ့ ဇီဝိန်တွေဆိုတာ အခြေမခိုင်တဲ့ ရော်ရွက်ဝါတွေကို နွေအ ရိုင်းက စိတ်တိုင်းကျ ဝင်ခွေ့တဲ့
အတိုင်း။ အရှေ့အရပ်က နိုင်ငံ တွေ မျက်ဖြူဆိုက်သွားတယ်။ အနောက်အရပ်က နိုင်ငံတွေ ဒေါက်ပြုတ်ကုန်တယ်။
တောင်အရပ်က နိုင်ငံတွေ ကစဉ့်က လျားတွေဖြစ်လို့။ မြောက်အရပ်ကနိုင်ငံတွေ ထိတ်ထိတ်လန့်
လန့် ပြူးပြူး ပြာပြာ။ အလယ်သားတွေလည်း ခေါင်းထောင်ဖို့ မရဲကြတော့။
.
ကိုဗစ်ဆိုတဲ့ ဇတ်နာကြီးက
အရပ်တကာကို ဘရိတ်မပါ တမ်း လှည့်နေတယ်။ ဒီကောင်ကမ္ဘာမြေပေါ် ရောက်လာပြီး အ ရပ်တကာ ဒုက္ခပေးတည်းက
လူသားတွေမှာ အပြုံးတွေ ပျောက်ဆုံးကုန်တယ်။ ရုတ်တရက် ဆုံတွေ့ကြရင် တစ်ဦးနဲ့ တစ်ယောက်
အတိတ်မေ့သလို ဖြစ်နေတယ်။ တစ်ကြိမ်တစ်ခါ မှ မမြင် မတွေ့ဖူးတဲ့ လူတွေလို ဖြစ်နေတယ်။ ဒီကောင်
ဘယ် အပေါက်က ဝင်လာမှန်း မသိနိုင်တော့ ကိုယ်စီကိုယ်စီ မျက်နှာ ဖုံးတွေနဲ့။ မတ်စ်တပ်ထားကြတယ်
ဆိုလား။ မပီမသ လူတွေက မတ်တပ်သွားပါလို့ ဆိုတယ်။ ခပ်နောက်နောက် လူတွေက မတ် တပ်ကြီး ဘယ်လိုသွားမှာလည်း
ထိုင်သွားရမှာပေါ့ လို့ အတွန့် တက်တယ်။ အတော်ညစ်တဲ့ ကိုဗစ်ကြောင့် လူသားတွေ မျက် နှာဖုံးကိုယ်စီနဲ့
ဖြစ်ကုန်ကြတယ်။ အပြုံးတွေ ပျောက်ဆုံးကုန် တယ်။
.
လူသားတွေ ဖြစ်တည်ကတည်းက
ကမ္ဘာလောကကြီးမှာ ကပ်ရောဂါ အမျိုးမျိုး ပေါ်ခဲ့တယ်။ ဘုရားရှင် လက်ထက်ကလည်း ဖြစ်ခဲ့တယ်။
သိပ္ပံပညာ ထွန်းကားတဲ့ ခေတ်မှာလည်း ဖြစ်တယ်။ နောင်လည်း ဖြစ်နေလိမ့်ဦးမယ်။ ကပ်ဘေးဆိုက်တာနဲ့
အငတ် ဘေးပါ ဆိုက်လာတယ်။ ကြုံရာအပေါက်က ထင်သလို နောက် တဲ့ ဗိုင်းရပ်စ်ကြောင့် အိမ်ထဲမှာပဲ
နေကြရတယ်။ ရှိတဲ့လူတွေက စတေးအက်ဟုမ်းရင်း ချက်လိုက်ပြုတ်လိုက် စားလိုက်သောက် လိုက် သာသာယာယာပေါ့။ တစ်နေ့လုပ် တစ်နေ့စားဖို့တောင်
မလွယ်ကူတဲ့ အခြေခံလူတန်းစား တွေအတွက်တော့ နွေခေါင် ခေါင် ခေါင်းမီးတောက်တဲ့ကာလ။ လုပ်ကိုင်ရင်းတောင်
မငတ်ရုံ အခြေမှာ အလုပ်အကိုင်မဲ့တော့ ငွေဗလာနတ္ထိဖြစ်။ ဆန်အိုးတွေ မိုးခေါင်။ ရပ်တန့်ထားလို့မရတဲ့
အစာအိမ်သံချောင်းခေါက်သံ အတွက် အလှူရှင်ကိုသာ အားထားမျှော်လင့်ရတဲ့ဘဝ။
.
လက္ခဏာဆရာက ပြောတယ်မေရယ်။
နှလုံးလမ်းကြောင်း မှာ ကျွန်းခံနေတယ်။ မိန်းမနဲ့ ပတ်သက်လာရင် အမြဲတမ်းပဲ ကံ ဆိုးနေတယ်။
ထီလှည်းပေါ်က လွင့်လာတဲ့ စိုင်းထီးဆိုင်သီချင်း နားထောင်ပြီး ကိုဗစ်ကာလကြီးလွန်သွားရင်
ငါတော့ အလုပ် လက်မဲ့ဖြစ်တော့မယ် ထင်တယ်လို့ လက္ခဏာဆရာက ပြော တယ်။ ရောဂါကာကွယ်ဖို့ အကောင်းဆုံး
နည်းလမ်းတွေထဲမှာ လက်ဆေးခြင်းက တစ်ခုအပါအဝင် ဖြစ်နေတယ်။ မကြာခဏ လက်ဆေးဖို့ တိုက်တွန်းထားတယ်။
အပြင်က ပြန်လာတိုင်း လက်ဆေးကြရတယ်။ ကိုဗစ်ကို သတိရတိုင်း လက်ဆေးတယ်။ လက်သန့်ဆေးရည်တွေ
သုံးကြတယ်။ လက်ဆေး ဆပ်ပြာတွေ သုံးကြတယ်။ တစ်ခါ တစ်ခါ လက်ဆေးတိုင်း မိနစ် ၂၀ ကြာ တယ်။
အချိန်ကြာလာတော့ လက္ခဏာတွေ ပျောက်ကုန်မှာ စိုးရိမ်တယ်။ လက္ခဏာဆရာလည်း အလုပ်လက်မဲ့ ဖြစ်သွားမှာ
စိုးရိမ်နေတယ်။
.
.
ပြည်တွင်းရှိတဲ့ လူထက်
ခလုတ်ထိမှ အမိတတဲ့ လူတွေဆီ မှာ ရောဂါပိုး ကူးစက်မှု အများဆုံးဖြစ်တာ တွေ့ရတယ်။ သက်
ဆိုင်ရာက ရောဂါပိုးတွေ့ရှိတဲ့ လူစာရင်းကို နေ့စဉ်ကြေညာပေး တယ်။ ပိုးတွေ့လူနာရှိတဲ့
ရက်ဆို သတိပြုဂရုစိုက်ဖို့ တစ်ဦးနဲ့ တစ်ယောက်၊ တစ်နေရာက တစ်နေရာ ဆော်သြကြတယ်။ အ နီးအပါးမှာ
လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာ တွေ့ရင် လက်တို့ပြီး ထိန်းသိမ်းကြတယ်။ ပြည်တွင်းမှာ ရောဂါပိုး
တွေ့ရှိမှု မရှိသ လောက် ဖြစ်တာ အခွင့်ကောင်းယူပြီး လူးလူးစိန်တချို့ ဘာသာ ရေးအခမ်းအနားတွေ
ကျင်းပပြုလုပ်တာတော့ စိတ်ပျက်စရာ တစ်ခု။ တားမြစ်ထားရင် နည်းနည်း ဖောက်ဖျက်ကျူးလွန်လိုက်
ရမှ နေသာထိုင်သာရှိတာ မြန်မာ့ဓလေ့တစ်ခုလို့ ပြောရမလား။ မတော်တဆ တစ်ဦးတစ်ယောက်ဆီမှာ
ရောဂါပိုး ရှိခဲ့ရင်နောက် ကြောင်းတွေ ရတက်မအေးစရာ။ အသိဉာဏ်မဲ့လေခြင်းများ လား။
.
အိမ်တွင်းပုန်း စတေးအက်ဟုမ်းရတာ
မလွယ်ဘူးလို့ ပြော ကြတယ်။ ဟုတ်တယ်။ ဘယ်လွယ်ပါ့မလဲ။ လူသားတွေဆိုတာ မိုးလင်းက မိုးချုပ်
လောကကြီးနဲ့ ထိတွေ့ချင်ကြတာ လူ့သဘာဝ ရက်ပေါင်းများစွာ မလုပ်မကိုင် ငုတ်တုတ်ထိုင်ဖို့ဆိုတာ
လွယ် တဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။ ဝယ်ဆိုတဲ့ စာလုံးတစ်ခုကို ခဏမေ့ ထားပြီး စားရေးနဲ့ နေရေးအတွက်
လုံးချာလည်အောင် လုံးပန်း နေရတဲ့ မြန်မာပြည်သူ အများစုအတွက်က ပိုတောင်ခက်ခဲပါ သေးတယ်။
သက်ဆိုင်ရာနဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့ ဆိုတာလည်း တကယ်တန်း တွေးကြည့်ရင် ဆေးမီးတိုသဘော
လောက်။ အချိန်တစ်ခုတန်ရင် သွေးအေးသွားကြလိမ့်မယ်။ လည်ပတ်နေတဲ့ သွေးတွေ မအေးနိုင်တာက
ထုံးစံအတိုင်း အောက်ခြေက အခြေခံပြည်သူ။ ထွက်သက်မတိုင်မီ
လည်ပတ် နေတဲ့ သွေး မရပ်တန့်ဖို့ ကိုဗစ်နှုတ်ခွန်းဆက်မယ့် အချိန်ကို စောင့်နေကြရတယ်။
.
စိတ်ညစ်စရာ တစ်ပုံတစ်ပွနဲ့
အပူလုံးကြွတာကို ကြံဖန်ဖြေ သိမ့်ကြတာ ဒီနေ့ရောဂါပိုး မတွေ့ဘူးဆိုတဲ့ နဂ္ဂတစ် အဖြေထွက်
တဲ့နေ့။ သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အဖြေကို စောင့်ပြီး သူ့ထက်ငါ လူမှုကွန်ရက်ပေါ်
အသိပေးကြတယ်။ ရော ဂါကင်းရှင်းတဲ့နေ့သစ်ကို ဝိုင်းပြီး ဂုဏ်ပြုကြတယ်။ သတိလက် လွတ် မနေဖို့လည်း
ထိန်းကြပြန်တယ်။ ဘာပဲဖြစ်ဖြစ် ရောဂါပိုး မတွေ့တဲ့၊ မရှိတဲ့ နေ့ဆိုရင် ပြည်သူလူထု တစ်ရပ်လုံး
ပျော်ရွှင် ကြတာတော့ အမှန်တရား။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ရောဂါပိုးကြားမှာ စိတ်ညစ်ခံပြီး
မနေချင်ကြဘူး။ နေရေး၊ စား ရေး ဆိုတဲ့ စကားလုံး ၂ ခုနဲ့ အလိုလို ကျပ်နေတဲ့ ပြည်သူတွေက
အတိဒုက္ခ ထပ်ရောက်စေမယ့် ပိုးတွေကို မလိုချင်ကြဘူး။ ရောက်လာမှာကိုလည်း စိုးရိမ်ကြတယ်။
ရောဂါပိုး မရှိတဲ့ နေ့ သစ်၊ နဂ္ဂတစ်ဆိုတဲ့ မင်္ဂလာသံ ကြားရတဲ့ နေ့သစ်မျိုးပဲ ရောက်
လာစေချင်ကြတယ်။
.
အမိမြန်မာပြည်ကြီးရဲ့
ရင်ခွင်ထဲမှာ တိုင်းရင်းသား ညီအစ် ကို မောင်နှမ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတယ်။
တစ်ဦးနဲ့ တစ်ယောက် အခန့်သင့်တဲ့ အခါရှိသလို အမျက်ကြုံတဲ့ အခါ လည်း ရှိခဲ့တယ်။ ရှိနေသေးတယ်။
မျက်နှာခြင်းဆိုင်လိုက် ကျောခိုင်းလိုက်တာနဲ့ ပြောစကားတွေ တိမ်လိုလေလို ပျောက် သွားလိုက်နဲ့။
တပ်ဆင်ထားတဲ့ ကြိုးတွေ အထားအသို မှန်မှ မြန်မာ့စောင်းသံက နားဆင်လို့ ကောင်းတယ်။ နားထောင်လို့
ကောင်းတဲ့ စောင်းသံတွေဖြစ်ဖို့အတွက် ကြိုးတစ်ချောင်းချင်းရဲ့ သတ်ပုံမှန်ဖို့ လိုပါတယ်။
စောင်းကြိုးညှိ သတ်ပုံမှားနေသရွေ့ တော့ နားထောင်ကောင်းတဲ့ စောင်းတစ်လက် ဖြစ်လာနိုင်မှာ
မဟုတ်ပါဘူး။ ပြည်သူတွေ မျှော်လင့်နေကြတယ်။ တိုက်ပွဲဆို တဲ့ ရောဂါပိုး ကင်းစင်တဲ့နေ့။
ညီအစ်ကိုချင်း စစ်ခင်းတာရပ်တဲ့ တိုက်ပွဲ နဂ္ဂတစ်ဖြစ်တဲ့နေ့။ အချိန်တန်ရင် ကိုဗစ်က ထွက်သွား
လိုက်မယ်။
.
တိုက်ပွဲဆို တဲ့ ရောဂါပိုး ကင်းစင်တဲ့နေ့။ ညီအစ်ကိုချင်း စစ်ခင်းတာရပ်တဲ့ တိုက်ပွဲ နဂ္ဂတစ်ဖြစ်တဲ့နေ့။ အချိန်တန်ရင် ကိုဗစ်က ထွက်သွား လိုက်မယ်။
.
အရင်ကတော့ ဒီနဂ္ဂတစ်ဆိုတဲ့ သိုးဆောင်းစာလုံးကို လူအ
များစု (သာမန်အောက်ခြေ ပြည်သူ) ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ ကြ ဘူး။ မြန်မာပြန်ဆိုထားတဲ့
အဘိဓာန်မှာတော့ ငြင်းပယ်သော၊ ဆန့်ကျင်သော၊ မဟုတ်၊ မရှိ စသည်ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုချက်
တွေ တွေ့ရပါတယ်။ အဓိပ္ပာယ် ဘယ်လို ဖွင့်ဆိုထားပါစေ မြန် မာပြည်သူတွေ ရင်းနှီးသွားတာက
မရှိဆိုတဲ့ အဓိပ္ပာယ်။ ဗိုင်း ရပ်စ်နဲ့ ပတ်သက်ပြီး ရောဂါပိုး မတွေ့တဲ့ ရက်ဆို ဒီနေ့တော့
နဂ္ဂတစ်ဖြစ်တယ်လို့ အချင်းချင်း ပြောကြတယ်။ မရှိဆိုတဲ့ နဂ္ဂ တစ်ကို ပြည်သူတွေ ကြိုက်ကြတယ်။
တိုက်ပွဲတွေ မရှိတဲ့ နဂ္ဂတစ် နေ့ရက်တွေဆိုရင် မြန်မာပြည်သူတွေ ဘယ်လောက်များ ပျော် ရွှင် ချမ်းမြေ့လိုက်မလဲ။ ကိုဗစ်ဆိုတဲ့ ဗိုင်းရပ်စ်ဆိုးက
ကမ္ဘာ မြေပေါ်က ပျောက်ကွယ်သွားလိမ့်မယ်။ မြန်မာမြေပေါ် အမြစ် တွယ်နေတဲ့ စေတန်ဗိုင်းရပ်စ်ဆိုးကြီးလည်း
နဂ္ဂတစ်နေ့ရက်တွေ ဖြစ်ပါစေ။ ။
No comments:
Post a Comment