အောင်ပန်းမြို့မှ အမျိုးသမီးကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, June 22, 2020

အောင်ပန်းမြို့မှ အမျိုးသမီးကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်းက အလုပ်အကိုင် ကောင်းမည်၊ ငွေ များများရမည် ဆိုကာ ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ             တရုတ်နိုင်ငံသို့ ရောင်းစားခံရသူမှာ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ အမျိုးသမီး ဖြစ်ပြီး တရုတ်နိုင်ငံ ရဲတပ်ဖွဲ့မှ မူဆယ်မြို့နယ် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တဆင့် နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးနောက် အမှတ်(၁၁၅) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ အောင်ပန်းနယ်မြေရဲစခန်းတွင် ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဇွန်လ ၂၁ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကလေးမလေးက အောင်ပန်းမှာ ပြန်ရောက်နေပါပြီ လူကုန်ကူးက အမှု ဖွင့်တာကို စစ်ဆေးနေပါတယ်။” ဟု အောင်ပန်း နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သိန်းထိုက်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူကုန်ကူးခံရသူ အမျိုးသမီး၏ ပြောပြချက်အရ မိခင်ဖြစ်သူ ထမင်းဆိုင်ခင်မင်ရင်းနှီးခဲ့သည့် ထောပတ်သီး ကုန်သည် ရန်ကုန်မြို့နေ ဦးသိန်းမြင့်(ခ) ပုရစ် ဆိုသူမှ တရုတ်နိုင်ငံမှာ လစာ ကောင်းတဲ့အလုပ် လုပ်ရမယ်၊ တစ်လကို ၄/၅ သိန်း ရမယ်တစ်နှစ်စာချုပ် ချုပ်ရမယ်တရုတ်ပြည်ရောက်တာနဲ့ ငွေကျပ်သိန်း ၃၀ ချက်ချင်းပေးမယ် နင်တို့ အမေလည်း အကြွေးတွေ ပြန်ဆပ်နိုင်ပြီး အဆင်ပြေသွားမယ်ဟု ပြောဆိုကာ  ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်တွင် ဦးသိန်းမြင့်မှ ၎င်း၏မိသားစုဝင်များနှင့်အတူ လိုက်သွားရန် ပြောဆိုခဲ့ပြီးနောက် ကိုထွဋ် (ခ) နိုင်စည်သူ မောင်းနှင်သည့် အငှား မော်တော်ယာဉ်ဖြင့် မန္တလေး- ကွတ်ခိုင်- မူဆယ်မှ တဆင့် တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့သို့ ပို့ဆောင်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
.

ကြယ်ဂေါင်တွင် ကိုသားငယ် ဆိုသူ ရောက်ရှိလာပြီး အမျိုးသမီးငယ်သို့ ယွမ်ငွေ ၂၀၀၀၀ ပေးကာ တည်းခိုခန်း တစ်ခုသို့ ခေါ်ဆောင်သွားကြောင်း၊ သြဂုတ်လ ၃၀ ရက်တွင် ကား မရ၍ဟု ဆိုကာ မူဆယ်သို့ ပြန် ဝင်ပြီးနောက် လားရှိုးမှ တဆင့် ချင်းရွှေဟော်ဘက်သို့ သြဂုတ်လ ၃၁ ရက်တွင် ကိုရှိုင်းဆိုသူမှ ခေါ်ဆောင်သွားကာ ၎င်း စီစဉ်ပေးသည့် တရုတ်ယာဉ်မောင်းများ မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ ဖျင်းတင့်ရှန်မြို့သို့ ရောက်ရှိ၍ တရုတ်ယောက်ျား တစ်ဦးနှင့် ယူခိုင်းသဖြင့် အမျိုးသမီးငယ်မှ မယူလိုကြောင်း ငြင်းဆန်သော်လည်း လာရောက် ခေါ်ဆောင်သူ နှင်းစက်ပွင့် (ခ) နှင်းစပယ်ဖြူက မယူမရဘူးဆိုကာ ပေးစားခဲ့သဖြင့် ယင်းတရုတ်ယောက်ျားနှင့် ၃ လခန့် ပေါင်းသင်းခဲ့ရကြောင်း သိရသည်။
.
ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်တွင် မနှင်းစက်ပွင့်တို့ လင်မယားမှ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လာပြီး အမျိုးမျိုး နှိပ်စက်သဖြင့် မေလ ၁၄ ရက်တွင် နေအိမ်မှ ခိုးထွက်ကာ ပတ်ဝန်းကျင်၏ အကူအညီဖြင့် ဖျင်းတင့်ရှန် ရဲစခန်းသို့ သွားရောက် တိုင်ကြားရာမှ မေ ၂၀ ရက်တွင် တရုတ်ရဲတပ်ဖွဲ့မှတဆင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
.
ယင်းကဲ့သို့ အမျိုးသမီးငယ်အား တရုတ်နိုင်ငံအတွင်း အဆင့်ဆင့် ရောင်းစားခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် အောင်ပန်းနယ်မြေရဲစခန်းတွင် (ပ) ၁၁၅ /၂၀၂၀၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၂၀(က)/၃၂ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)