တိုက်ပွဲ ဖြစ်မည်ကို စိုးရိမ်၍ လူ ၂၀၀ ကျော် ကျောက်မဲမြို့နယ်၊ ပန်လော့ဘုန်းကြီးကျောင်းသို့ ရောက်ရှိ - Kanbawza Tai News

Breaking

Sunday, June 28, 2020

တိုက်ပွဲ ဖြစ်မည်ကို စိုးရိမ်၍ လူ ၂၀၀ ကျော် ကျောက်မဲမြို့နယ်၊ ပန်လော့ဘုန်းကြီးကျောင်းသို့ ရောက်ရှိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကျေးရွာ ၃ ရွာမှ ဒေသခံ ၂၀၀ ဦးကျော်သည် တိုက်ပွဲရှောင်သည့် အနေဖြင့် ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာကြောင်း သိရသည်။
.
“ သူတို့အတွက် စားနပ်ရိက္ခာတွေကို နမ့်ခုံးရှမ်းများပရဟိတအသင်းကနေ တဆင့် ဒီနေ့ပဲ အထောက်အပံ့ ပြုခဲ့ပါတယ်။ ကျန်းမာရေး အစောင့်အရှောက်လည်း ထားပေးပါတယ်။ လူတွေကတော့ ထပ် လာနိုင်သေးတယ်၊ တတ်နိုင်သမျှ လုပ်ဆောင် ကူညီပေးနေပါတယ်။” ဟု ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ပန်လော့ ဘုန်းတော်ကြီးကျောင်းမှာ ကျောက်မဲမြို့၏ အရှေ့တောင်ဘက်၊ ၈ မိုင်ခန့်အကွာတွင် တည်ရှိပြီး အက်ကီးရွာ၊ နမ့်ဖတ်ရွာ၊ ပြိန်းနင်းရွာနေ ဒေသခံ လူဦးရေ ၂၃၀ ခန့်သည် ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် တိုက်ပွဲရှောင် ရောက်ရှိလာခြင်း ဖြစ်ကာ ၄င်းတို့အတွက် ဆန် ၁၀ ပိုင်း၊ ကြက်သွန်နီ ၂ အိတ်၊ ဆား ၁ အိတ်၊ ကုလားပဲ ၃ အိတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စား နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
“ နောက်ထပ်လည်း ထွက်လာကြဦးမှာ။ တိုက်ပွဲ မဖြစ်သေးပေမယ့် စိုးရိမ်ကြတော့ ရှောင်ကြတာပါ။
လိုအပ်တာတွေ တတ်နိုင်သမျှ ကူညီဖို့ အသင်းက ဆောင်ရွက်နေပါတယ်။” ဟု နမ့်ခုံးရှမ်းများ ပရဟိတအသင်း အတွင်းရေးမှူး ဦးခမ်းခေါင်က ပြောသည်။
.
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ဟိုင်းကွီကျေးရွာတွင် RCSS မှ ပြုလုပ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မီးရှို့ဖျက်ဆီးပွဲ ပြုလုပ်မှုနှင့် ပတ်သက်၍ တပ်မတော်နှင့် RCSS တို့ နှစ်ဘက် တင်းမာမှု ဖြစ်ပွားကာ အင်အား ဖြည့်တင်းမှု ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံများက တိုက်ပွဲကို ကြိုတင်ရှောင်ရှားကြခြင်း ဖြစ်ကြောင်း သိရသည်။
.
နမ္မတူမြို့နယ်တွင်လည်း RCSS နှင့် TNLA တို့ စစ်ရေး တင်းမာမှုများကြောင့် တိုက်ပွဲရှောင်သည့် ဒေသခံ ၂၀၀ ကျော်မှာ ဇွန်လ ၂၃ ရက်က  မန်စံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)