ရှမ်းပြည်နယ်မှ ၂ ဦး အပါအဝင် COVID-19 ပိုးတွေ့လူနာ ၄ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 2, 2020

ရှမ်းပြည်နယ်မှ ၂ ဦး အပါအဝင် COVID-19 ပိုးတွေ့လူနာ ၄ ဦး တွေ့ရှိ


ရှမ်းပြည်နယ်မှ ၂ ဦး အပါအဝင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇွန်လ ၂ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ရှမ်းပြည်နယ်မှ ပိုးတွေ့ အတည်ပြုလူနာများမှာ ရွာငံမြို့နယ်မှ အသက် ၃၁ နှစ်အရွယ် အမျိုးသားနှင့် မူဆယ်မြို့မှ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ပြီး ကျန် ၂ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ဖြစ်ကြောင်း သိရသည်။
.
“ သူက ရွာငံမှာ အသွားအလာ ကန့်သတ်ထားတာ။ မနက်ဖြန်မှ တောင်ကြီး စဝ်စံထွန်းဆေးရုံကို လွှဲမယ်။ ဒီညတော့ ရွာငံ ဆေးရုံမှာပဲ ခေါ်ထားမယ်။ ရောဂါလက္ခဏာတော့ ဘာမှ မရှိဘူး၊ တရုတ်နိုင်ငံ၊ မန်စီနားမှာ ကြံခုတ်တယ်။ မေလ ၁၆ ရက်နေ့မှာ လားရှိုးကတဆင့် ပြန်လာတယ်၊ ၁၇ ရက်မှာ ရွာငံကို ရောက်ပြီး အသွားအလာ ကန့်သတ်ထားတယ်။ ၃၀ ရက်နေ့မှာ အသွားအလာ ကန့်သတ်ထားတာ ၁၄ ရက်ပြည့်လို့ ဓါတ်ခွဲနမူနာ စစ်လိုက်တော့ ပိုး တွေ့ရတာပေါ့။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ တင်မောင်ညွန့်ကလည်း “ သူက Quarantine လုပ်ထားတာ မဟုတ်ဘူး၊ ကျန်းမာရေးဝန်ထမ်းပါ။ ရောဂါလက္ခဏာ မရှိဘူး နယ်စပ်မှာ တာဝန်ထမ်းဆောင်တဲ့ အဖွဲ့ထဲမှာ ပါတော့ စစ်ကြည့်လိုက်တာပါ။ သူ့ကို မူဆယ် ပြည်သူ့ဆေးရုံမှာ ကုသမှာပါ။” ဟု ပြောသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ​နေပြည်​တော်ရှိ တပ်မ​တော်​ဆေးရုံတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၈၂ ခုအနက် ၄ ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇွန်လ ၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၃၂ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၄၃ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၉ ဦး ရှိကာ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About