အိန္ဒိယပြန် တပ်မတော်သား ၄ ဦးတွင် COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 1, 2020

အိန္ဒိယပြန် တပ်မတော်သား ၄ ဦးတွင် COVID-19 ပိုး တွေ့ရှိ


အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီးနောက် မြန်မာ့အမျိုးသား လေကြောင်းလိုင်းဖြင့် မေလ ၂၄ ရက်တွင် ပြန်လည် ရောက်ရှိလာသည့် တပ်မတော်သား ၄ ဦး၏ ဓါတ်ခွဲ နမူနာများတွင် COVID-19 ပိုး တွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
.
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ယနေ့ (ဇွန်လ ၁ ရက်)၊ နံနက် ၇ နာရီခွဲ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ အသွားအလာ ကန့်သတ်ထားရှိသူ အမျိုးသား ၄ ဦးတွင် COVID-19 ပိုး တွေ့ရကြောင်း ထုတ်ပြန်ထားသည်။
.

အဆိုပါ တပ်မတော်သား ၄ ဦး၏ ဓါတ်ခွဲ နမူနာများအား မေလ ၂၄ ရက်က ပထမအကြိမ် စစ်ဆေးစဉ် ပိုး တွေ့ရခြင်း မရှိသော်လည်း ယင်းတပ်မတော်သားများနှင့် အတူ လိုက်ပါစီးနင်းလာသည့် လေယာဉ်ဖြင့် လိုက်ပါလာသူများအနက် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၈ ဦးတို့တွင် COVID-19 ပိုး တွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သဖြင့် တပ်မတော်သားများ၏ ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပေးပို့၍ ဒုတိယအကြိမ် စစ်ဆေးရာတွင် ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း COVID-19 ပိုးတွေ့ အတည်ပြု တပ်မတော်သားများအား မင်္ဂလာဒုံရှိ တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံတွင် ဆေးကုသမှု ပေးနေပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ် ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇွန် ရက်)၊ နံနက် ၇ နာရီခွဲထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၂၈ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၃၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ယင်းလူနာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About