ရွာငံမြို့နယ်၊ ရေထွက်ကျောက်ခေါင်း (လင်းဝေး) ဒေသအား ဘူမိရုပ်သွင် ထူးခြားနယ်မြေအဖြစ် သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်၊ ရေထွက်ကျောက်ခေါင်း (လင်းဝေး) ဒေသအား ဘူမိရုပ်သွင် ထူးခြားနယ်မြေအဖြစ် သတ်မှတ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာရှိ ရေထွက် ကျောက်ခေါင်း ဒေသအား ဘူမိရုပ်သွင် ထူးခြားသည့် နယ်မြေအဖြစ် သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ ရေထွက်ကျောက်ခေါင်းရှိ ထုံးကျောက်များသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့ပေါ်ရှိ မည်သည့်နေရာ တွင်မျှ မတွေ့ရှိရသေးသည့် ထုံးကျောက်အမျိုးအစားဖြစ်သည့်အပြင် ရေထွက်များမှာလည်း ထူးခြားသည့် အခြေအနေများရှိခြင်းကြောင့် ယင်းကဲ့သို့ ဘူမိရုပ်သွင်ထူးခြားနယ်မြေအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ရွာငံရှိ ပန်းလောင်နှင့်ပြဒါးလင်းဂူ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ဦး ထံက သိရသည်။
.
“လင်းဝေးဂျန်းဆစ် ဆိုပြီး ကမ္ဘာက သတ်မှတ်လိုက်ပါပြီ။ ရှေးဦးသဘာဝထုံးကျောက်ကလည်း ကမ္ဘာ့ဘယ်နေရာ မှာမှ မတွေ့ရသေးပါဘူး။ ပြီးတော့ ရေထွက်က ဘယ်က စပြီး ဘယ်မှာဆုံးတယ် မသိရသေးဘူး။ ဂူထဲ နာရီဝက် လောက်ပဲ ဝင်နိုင်ခဲ့တယ်။ အဆင့်လိုက် လုပ်ဆောင်ချက်အရ ပထမဆုံးကွင်းဆင်းတိုင်းတာ အစီရင်ခံတဲ့အဆင့် သတ်မှတ်ပြီးပါပြီ။ ခုအဆင့်က လူထုပိုင်နယ်မြေ တွေ ပါမပါ ကွင်းဆင်းစိစစ်လုပ်ဆောင်သွားဖို့အဖွဲ့ဖွဲ့ပါတယ်။ ပထမကတည်းက ရပ်ရွာလူထုသဘောတူညီချက်လက်မှတ်တွေနဲ့ ကွင်းဆင်းခဲ့တာဖြစ်လို့ အကယ်၍ သတ်မှတ် နယ်မြေ ထဲမှာ ဆိုင်ရာဆိုင်ခွင့်လျှောက်ထားနိုင်မှာဖြစ်သလို ကြားခံချန်လှပ်မှု အနေနဲ့ လည်း သတ်မှတ်ပိုင်ခွင့် ရှိပါမယ်။ ရက်ပေါင်း ၉၀ အတွင်းမှာဆိုတော့ ဧပြီ ၉ ရက်စပေမဲ့ COVID-19 ရောဂါအခြေအနေပေါ်မှာပဲ လုပ် ဆောင်သွားဖို့ရှိပါမယ်ဟု ဦးမင်းနိုင်ဦး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ သတ်မှတ်ခဲ့သည့် ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေမှာ အကျယ်အဝန်း ၄၇၅ ဧက ကျယ်ဝန်းပြီး မြောက်ဘက်တွင် လင်းဝေး-ကျောက်တောသွားကျောက်ခင်းလမ်း၊ အရှေ့ဘက်တွင် ဇော်ဂျီမြစ်ဆုံရာ မြောက်ဘက်နယ်နိမိတ်၊ တောင်ဘက်တွင် အရှေ့ဘက် နယ်နိမိတ်အဆုံး၊ အနောက်ဘက်တွင် တောင်ဘက်နယ်နိမိတ်မှ မူလစမှတ် လင်းဝေး-ကျောက်တောသွား ကျောက်ခင်းလမ်းတို့ဖြစ်ကြောင်း သိရသည်။
.
“ရောက်ဖူးတယ်၊ အဲဒီဂူနားမှာ အခြားဂူလည်းရှိသေးတယ်။ အတွင်းမှာအင်မတန်လှတယ်။ တော်တန်ရုံ အပြင်လူတွေ မရောက်နိုင်သေးဘူး။ သဘာဝအတိုင်း ထိန်းသိမ်း ထားနိုင်ရင် ကောင်းပါ့မယ်ဟု လင်းဝေးရွာအနီး နေထိုင်သူ ကိုစိုင်းလူခေးက ပြောသည်။
.
ယင်းနယ်မြေကို ပဏာမစိစစ်မည့် အဖွဲ့၏ ဥက္ကဌဖြစ်သူ ရွာငံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်း ကလည်း COVID-19 ရောဂါကာလဖြစ်နေသည့်အတွက် အခြေအနေအပေါ်တွင် ယင်းနယ်မြေသို့ ကွင်းဆင်းစိစစ် သွားရန် ရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
.
အဆိုပါ နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊  အဆိပ်အတောက်ဖြစ်စေသော ဓာတ်သတ္တုအညစ် အကြေးများ စွန့်ပစ်ခြင်း၊ ရေထု၊ လေထုကို ညစ်ညမ်းစေခြင်း၊ ရေစီးရေလာပျက်စီးစေခြင်း၊ အဆိပ်ခတ်ခြင်း၊ ထိစပ်နယ်မြေအပါ တောရိုင်းတိရိစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရောင်းချသယ်ဆောင်ခြင်း၊ မည်သည့် သဘာဝသစ်ပင်ကိုမျှ ခုတ်ယူစုဆောင်းဖျက်ဆီးခြင်း၊ သက်ရှိသက်မဲ့သဘာဝအနေအထားဖွဲ့စည်းမှုကို ဖျက်ဆီးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ စားကျက်ချခြင်း၊ လွှတ်ကြောင်းခြင်း၊ မြေကိုတူးဆွထွန်ယက်စိုက်ပျိုးခြင်း၊ အများပြည်သူ ကြည့်ရှုလေ့လာဆန်းစစ်ခွင့်ပြုထားသည့်နေရာများမှအပ တားမြစ်နေရာများသို့ ခွင့်ပြုချက်မရှိကျူးကျော်ဝင်ရောက်ခြင်း၊ မီးကူးစက်ပြန့်ပွားမှုဖြစ်စေနိုင်မှုလုပ်ဆောင်ချက်အမျိုးမျိုးကို တားမြစ်ထားကြောင်း သိရသည်။
.
၂၀၁၈ ခုနှစ်၊ မေလက ပြဋ္ဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(ဃ)အရ ဘူမိရုပ်သွင်ထူးခြားသည့် နယ်မြေ သတ်မှတ်ကြောင်းကြေညာခြင်းဖြစ်သည်။
.

Journal Download

Photo of three cats