ရပ်စောက်ပျံကျဈေးနှင့် ပတ်သက်၍ အား/ကာမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်းမရှိ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

ရပ်စောက်ပျံကျဈေးနှင့် ပတ်သက်၍ အား/ကာမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်းမရှိ ဟုဆို


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အားကစားကွင်းအတွင်း ဖွင့်လှစ်ထားသည့် ပျံကျဈေး နေရာနှင့် ပတ်သက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ငွေကြေးတစ်စုံတစ်ရာ တောင်းခံ၊ ကောက်ခံခြင်း မရှိကြောင်း မြို့နယ်အားကာတာဝန်ခံ ဒေါ်ကေသွယ်တိုးက ပြောဆိုခဲ့သည်။
.
 
.
ရပ်စောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက အဆိုပါ ပျံကျဈေးနေရာအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ရန်ပုံငွေ ပေးသွင်းရမည်ဟု ပြောကြားခဲ့မှုအပေါ် ဒေါ်ကေသွယ်တိုးက ယင်းကဲ့သို့ ပြန်လည် တုံ့ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“မြို့နယ်တွင်းမှာ ပျံကျဈေးလုပ်ဖို့ ဧပြီလ ၁၇ ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် အပါအဝင် ဌာနဆိုင်ရာအစည်းအဝေးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လုပ်တယ်။ အဲဒီအစည်းအဝေးမှာ အားကာကို ခေါ်ယူဖိတ်ကြားခြင်း မရှိသလို အစည်းအဝေးဆုံးဖြတ်ချက်လည်း ဘာမှ မသိခဲ့ရဘူး။ စည်ပင်သာယာရေး ကော်မတီက ကောက်ခံတဲ့ ဈေးခွန်ထဲက မြို့နယ်အားကာကို ရန်ပုံငွေထည့်ဖို့ ပြောခဲ့တာ လုံးဝမရှိဘူး။ အမှန်တကယ် လည်း ရရှိခြင်းမရှိဘူး။ ယာယီပျံကျဈေးနဲ့ ပတ်သက်လို့ အားကာအနေနဲ့ အရှုပ်အရှင်းမရှိသလို ဝင်ရောက်စွက်ဖက်ခြင်း လည်း မရှိဘူး” ဟု ဒေါ်ကေသွယ်တိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရပ်စောက်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အားကစားကွင်းကို ဧပြီလ ၁၈ ရက်တွင် သန့်ရှင်းရေးပြုလုပ် ပြီး ဧပြီလ ၁၉ ရက်တွင် ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
.
“ယာယီဈေးကို စည်းကမ်းတွေချထားပေမဲ့ အခု အမှိုက်သရိုက်တွေ၊ သားငါးအညှီတွေကို အားကစားရုံဘေးမှာ လာ စွန့်ပစ်ထားတာ တွေ့ရတဲ့အပြင် အခုလို ဌာနကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွား မရှာသင့်ပါဘူး။ တရားဝင်စာနဲ့ သဘောတူညီမှု ရယူပြီးမှ ဆောင်ရွက်သင့်ပါတယ်။ ဌာနဆိုင်ရာအချင်းချင်း လေးစားမှု ရှိစေချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာနသို့ အမှုဆောင်အရာရှိအဖြစ် အသစ် ပြောင်းရွှေ့ လာသူ ဦးမျိုးမြင့်အောင်က “အဲဒီအစည်းအဝေးမှာ ပြောကြားတဲ့ စကားအရတော့ မပေးရဘူးလို့ ပြောပါတယ်။ ကျန်တာကတော့ သိပ်မသိပါဘူး” ဟု ပြောဆိုခဲ့သည်။
.
ယခုလက်ရှိ ပျံကျစျေးကို ရပ်စောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သူ  (ယခု-ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး)၏ ပြည်နယ်ဌာနခွဲတာဝန်ခံသို့ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးဖြင့် မေလ ၂၂ ရက်တွင်ပြောင်းရွှေ့သွား သည့် ဦးတင်ကိုကိုနှင့် စျေးကော်မတီ ဝင်များ၏ စီမံခန့်ခွဲမှုဖြင့် ဧပြီလ ၁၉ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သားငါးရောင်းရန် ဆိုင်ခန်း ၄၀ ကျော်အပါအဝင်၊ ဆိုင်ခန်းပေါင်း ၂၃၀ ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About