.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာတွင် ဧပြီလ ၂၉ ရက်က ပရဟိတ လူမှုကူညီရေးအသင်းတစ်ခုမှ လာရောက်လှူဒါန်းသည့် စားသောက်ကုန်များ ယနေ့အထိ ရရှိခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။
.
.
“အရင်တစ်ပတ် အစိုးရကပေးတဲ့ စားသောက်ကုန် ရွာသူရွာသား ၁၈ ဦးစာကို အုပ်စုအုပ်ချုပ်ရေး မှူးက သူ့အိမ်မှာ ဝေတယ်။ ဒုတိယအကြိမ် ပရဟိတအဖွဲ့တာဝန်ရှိသူတစ်ဦးက အိမ်ထောင်စုတစ်စုကို ဆန် ၂ ပြည်၊ ဆီ ၁ ဘူး၊ ဆား ၁ ထုပ် ကြာဇံ ၁ ထုပ်စီနဲ့ ၃၆ ဦးစာ ထောက်ပံ့ဖို့ ရွာက ရပ်မိရပ်ဖဖြစ်တဲ့ ကျွန်တော့် ဆီဆက်သွယ်တယ်။ ဒါနဲ့ တကယ် နွမ်းပါးတဲ့ ရွာသား ၃၆ ဦးစာရင်းကောက်တယ်။ တကယ်လာလှူတဲ့ရက် ရောက်တော့ အလှူရှင်အဖွဲ့ကို ရွာထဲ ပေးမဝင်ဘူး။ ရွာအဝင်မိုင်ဝက်လောက်ဝေးတဲ့ နတ်ပါပေါင်းနားမှာ ပေးရမယ်ဆိုလို့ ရွာသားအချိုကသွားယူတယ်။ ဘယ်သူ့ကိုမှ မပေးဘူး။ အုပ်ချုပ်ရေးမှူးအပါ အဖွဲ့ဝင် ၅ ဦး က အလှူရှင်အဖွဲ့ဆီက စားသောက်ကုန်တွေကို ဆိုင်ကယ်နဲ့သူ့အိမ်သယ်သွားတယ်။ ဒီကနေ့ထိရွာသား တွေ တစ်ဦးမှမရဘူး”ဟု ကျိုင်းခမ်းကျေးရွာ ရပ်မိရပ်ဖတစ်ဦး က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းခမ်းကျေးရွာအုပ်စု အုပ်စုအုပ်ချုပ်ရေးမှူးထံ သွားရောက်တွေ့ဆုံမေးမြန်းရာ “ရွာမှာ ဆင်းရဲနွမ်းပါးသူများတယ်။ ဝေခြမ်း ရတာခက်လို့ ဘုန်းကြီးကျောင်းသုံးကျောင်းကိုလှူဖို့ ဆုံးဖြတ်တယ်။ မေလ ၂ ရက်၊ မနက် ၈ နာရီမှာ ဟိုနား ဘုန်းကြီးကျောင်းက သူ့ခွဲတမ်း လာယူသွားတယ်။ ကျန်ဘုန်ကြီးကျောင်း ၂ ကျောင်း ကတော့ လာမယူသေးဘူး။ လာလှူမယ့်အကြောင်းကိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားတယ်။ အခုလိုဘုန်းကြီးကျောင်းတွေကို ခွဲတမ်းချပေးတာကိုတော့ သတင်းမပို့ရသေးဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ပရဟိတအလှူရှင်တာဝန်ရှိသူတစ်ဦးမှ အဆိုပါသွားရောက်လှူဒါန်းမှုအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ၂ ရက်ကြိုတင်အသိပေးပြီးမှသွားရောက်ခြင်းဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းများထံပြန် လည်လှူဒါန်းခြင်းကို မပြောလို သော်လည်း အလှူရှင်များဆန္ဒအနေဖြင့် အမှန်တကယ်မရှိနွမ်းပါး သူများကိုသာ ထောက်ပံ့စေလိုကြောင်းနှင့် ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ထို့အတူ ရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ထိုသို့ သွားရောက်လှူဒါန်းမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပြီး၊ အားလုံးဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် မှာကြားထားကြောင်း ပြောဆိုခဲ့သည်။
.
ကျိုင်းခမ်းဒေသသည် ရပ်စောက်မြို့နှင့် ၃၆ မိုင်ခန့်ကွာဝေး၍ ယခင်လက်နက်ကိုင်အဖွဲ့အ စည်းအချို့ ကျက်စားသွားလာ ခဲ့သည့် အနက်ရောင်နယ်မြေတစ်ခုဖြစ်ကာ လက်ရှိတွင် ဟိုနား၊ ကျိုင်းခမ်းနှင့် မာမီး ၃ ရွာအား ပေါင်းစည်းကာ ကျိုင်းခမ်းရွာမအဖြစ်တည်ထားခြင်းဖြစ်ကြောင်း သိရည်။
.
ကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၂၅၀၀ ခန့် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်း ကြောင်းပြုပြီး သစ်ခုတ်ခြင်း၊ သစ်စက်လုပ်ငန်းအချို့နှင့် တရားမဝင်သစ်ထုတ်ခြင်းတို့ လုပ်ကိုင်လျက်ရှိကာ ဆင်းရဲနွမ်းပါးသူ များပြားသောကြောင့် အလှူရှင်များလှူဒါန်းသည့် စားသောက်ကုန်အချို့ကို မျှော်လင့် နေကြောင်းဒေသခံတို့မှ ပြောပြသဖြင့် သိရသည်။
.