ရပ်စောက်တွင် ညမထွက်ရအမိန့် ကျူးလွန်သူ ၄ ဦးအနက် ၃ ဦးကို ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ်ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်တွင် ညမထွက်ရအမိန့် ကျူးလွန်သူ ၄ ဦးအနက် ၃ ဦးကို ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ်ချမှတ်


ခင်မော့ဆက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၄ ဦး အနက် ၃ ဦးကို မေလ ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ်ချမှတ်ခဲ့ပြီး တစ်ဦးမှာ အသက်မပြည့်သေးသဖြင့် ခံဝန်ကတိဖြင့် မိဘထံ ပြန်လည်အပ်နှံခဲ့သည်ဟု သိရသည်။
.
 
.
“မေလ ၃ ရက်ညမှာ လူပေါင်း ၃၀ ဦး၊ ၄ ရက်ညမှာ ၁၇ ဦး ချိုးဖောက်တယ်။ ဒါနဲ့ အားလုံးကို ခေါ်ယူပြီး အသိပညာပေး ဆွေးနွေးတယ်။ ၅ ရက်နေ့ညက မြို့လယ်နာရီစင်အနီးမှာ ဒီ ၄ ဦးကို တွေ့တာပါ။ မေလ ၆ ရက်က ရုံးပိတ်ရက်ဖြစ်လို့ ၇ ရက်မှာ မြို့နယ်တရားရုံးက စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်” ဟု ရပ်စောက်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
.
အဆိုပါ ညမထွက်ရထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ကိုကိုလွင်၊ နေမျိုးဇော်၊ ဝင်းမိုးအောင်နှင့် သိန်းဇော်ဦးတို့ ၄ ဦးအနက် ၃ ဦးကို ရပ်စောက်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပြီး သိန်းဇော်ဦးမှာ အသက်မပြည့်သေးသဖြင့် ခံဝန်ကတိလက်မှတ်ရေးထိုးစေ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံး၌ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ညမထွက်ရအမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်မှ စတင်၍ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ရပ်စောက်မြို့နယ်တွင် အသိပညာပေးခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့ကို အခါအားလျော်စွာ ဆောင်ရွက်သတိပေးခဲ့သော်လည်း လိုက်နာမှု အားနည်းခြင်းကြောင့် ယခုကဲ့သို့ ထိရောက်သည့် အရေးယူခြင်းကို ပထမဦးဆုံးအကြိမ် ကျင့်သုံးရခြင်းဖြစ်ကြောင်း ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.

Journal Download

Photo of three cats