ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့နယ်
မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနက ကျိုင်းတုံမြို့နယ်အတွင်းမှ ပြည်သူများအား COVID-19
ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး ကာလ၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုး စားသုံးရန်အတွက်
သီးနှံမျိုးစေ့၊ ပျိုးပင်နှင့် မြေသြဇာများကို အိမ်တိုင်ရာရောက် အခမဲ့ ဝေငှ ပေးအပ်ခဲ့ကြောင်း
သိရသည်။
.
စိုက်ပျိုးရေး
ဦးစီးဌာနအနေဖြင့် ပြည်သူများထံသို့ အခမဲ့ ဝေငပေးသည့် မျိုးစေ့များမှာ ချဉ်ပေါင်၊ မုန်ညှင်း၊
တိုင်လွတ်ပဲ၊ သခွါး၊ ဟင်းနုနွယ်များ ပါဝင်ပြီး ပျိုးပင်များမှာ ငရုတ်၊ ခရမ်းပင်တို့
ဖြစ်ကာ အိမ်ထောင်စု ၇၀၃၉ စုအတွက် မျိုးစေ့ထုပ် ၃၅၁၉၅ ထုပ်၊ ပျိုးပင် ၂၁၁၁၇ ပင်၊ မြေသြဇာ
၇၀၃၉ ထုပ်ကို ဝေငှပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“
စိုက်ပျိုးဖို့အတွက် မြေပိုလည်း ရှိမယ် စိုက်ဖို့လည်း ဝါသနာပါသူကို ဦးစားပေးပါတယ်။
မြေသြဇာလည်း အခမဲ့ ပေးပြီး စိုက်ပျိုး နည်းစနစ် လက်ကမ်းစာစောင်တွေကိုလည်း အခမဲ့ ဝေပေးပါတယ်။”
ဟု ကျိုင်းတုံမြို့နယ် မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ
မြို့နယ်များ အားလုံးတွင် ပြည်သူများ
ဘေးအန္တရာယ် ကင်းရှင်း၍ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ရန်နှင့် လူစုလူဝေးရှောင်ရှားနိုင်ရန်အတွက်
ရည်ရွယ်၍ ဟင်းသီးဟင်းရွက် မျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ခြင်း Home Gardening
Campaign အား တောင်ကြီးမြို့တွင် ၈ ကြိမ်၊ ကျန်မြို့နယ်များတွင် ၄ ကြိမ်စီ ပြုလုပ်သွားမည်
ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးစိုင်းလုံကျော်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။