“ဝ” တောင်ပိုင်းစစ်ဒေသ (၁၇၁) တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား တပ်မတော်သို့ လွှဲပြောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” တောင်ပိုင်းစစ်ဒေသ (၁၇၁) တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား တပ်မတော်သို့ လွှဲပြောင်း


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ ဟွေအောအခြေစိုက် UWSA “ဝ”တောင်ပိုင်း စစ်ဒေသဌာနချုပ်ရှိ အစည်းအဝေးခန်းမတွင် ယနေ့ မေလ ၂၀ ရက်၊ နံနက်ပိုင်းက ၁၃ ကြိမ်မြောက် ဖမ်းဆီးရမိသော လက်နက်ခဲ ယမ်း၊မူးယစ်ဆေးဝါးနှင့် ရောင်းဝယ်သူများကို တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါအခမ်းအနားတွင် လွှဲပြောင်းပေးအပ်ခဲ့သည့် မူးယစ်ဆေးဝါးနှင့် လက်နက်များမှာ WY 999 တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၃၅၁၀၀၀၀ နှင့် အမ်-၂၂ ကျည်ကပ် တစ်ကပ်၊ ၎င်းကျည် ၅ တောင့်နှင့် တရားခံတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
.
အခမ်းအနားတွင် UWSA “ဝ”တောင်ပိုင်းစစ်ဒေသ (၁၇၁) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနကြီးမှူး ဦးရန်ကော်ကျုံးက  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့မှ လွယ်ထွေတောင် ကြား၌ မြန်မာ-ထိုင်းနယ်စပ်တွင် မူးယစ်မှောင်ခို အဖွဲ့ ဖြတ်သန်းမည်ဟု ကြိုတင်သတင်းရရှိမှုအရ တပ်ဖွဲ့များစေလွှတ်ပြီး လမ်းပိတ်ဆို့မှုများလုပ်ဆောင်ခဲ့ရာ တပ်မဟာ (၇၇၂)  မှ တပ်ရင်းတပ်ဖွဲ့များသည် မြန်မာ-ထိုင်းနယ်စပ်ကြား ၃ ကီလိုမီတာအကွာအဝေးတွင် ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
.
ထိုသို့ သွားရောက် စောင့်ဆိုင်း ပိတ်ဆို့မှုများ လုပ်ဆောင်ရာ မေလ ၁၄ ရက် ၊ည ၉ နာရီခန့်တွင် နယ်စပ် ၃ မီတာ အကြား အင်အား ၆၀ ကျော်ခန့်ရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် လက်နက်များအပါအဝင်၊ မူးယစ်ဆေးဝါးများ သယ်ဆောင်သွားသည်ကို တွေ့ရှိခဲ့သဖြင့် မိမိတို့တပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရန် ရပ်တန့်ခိုင်းရာ ရပ်တန့်မှုမရှိဘဲ စတင် ပစ်ခတ်ခဲ့သည့်အတွက် မိမိတို့တပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အသေ  တစ်ဦးနှင့်  အရှင် တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ကျန်သူများမှာ နေရာအနှံ့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
.
ဆက်လက်၍ မိမိတို့တပ်ဖွဲ့မှ လိုက်လံရှာဖွေဖမ်းဆီးရာတွင် မေလ ၁၅ ရက်၌ WY 999 တံဆိပ်ပါ ဆေးပြား အထုပ်ကြီး ၃၅ ထုပ်နှင့် အသေး ၁ ထုပ် စုစုပေါင်း ၃၅၁၀၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာအစိုးရဌာနသို့ လွှဲပြောင်းခြင်း ဖြစ်ပြီး ယခုအကြိမ်ဖြင့်ပါဆိုလျှင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို လွှဲပြောင်းပေးမှုမှာ ၁၃ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
.
ထို့နောက် မူးယစ်ဆေးဝါးများကို လွှဲပြောင်းလက်ခံကြရာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအထူးတပ်ဖွဲ့စု(၂၉) မှ ရဲအရာရှိ များက လက်ခံခဲ့ကြပြီး အခမ်းအနားသို့ နယ်မြေခံတပ်မတော် တပ်ရင်းတပ်ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats