အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ခွင့်ပိတ်ပင်ထားသောကြောင့် ရှမ်းပြည်နယ်ရှိ ယာဉ်လိုင်းအချို့ ပြေးဆွဲမှု ရပ်နားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ခွင့်ပိတ်ပင်ထားသောကြောင့် ရှမ်းပြည်နယ်ရှိ ယာဉ်လိုင်းအချို့ ပြေးဆွဲမှု ရပ်နားထား


မင်းမင်း
.
ရှမ်းပြည်နယ်အတွင်းရှိ ခရီးသည်ယာဉ်လိုင်းများအား ရှမ်းပြည်နယ်အစိုးရမှ ပိတ်ပင်ထားခြင်း မရှိသော်လည်း COVID-19 ကပ်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ခွင့် ပိတ်ပင်ထားသော ကြောင့် ယာဉ်လိုင်းအချို့ ပြေးဆွဲမှု ရပ်နားထားရသည်ဟု သိရသည်။
.
 
.
“ရှမ်းပြည်နယ်အစိုးရကတော့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ပိတ်ထားရမယ်လို့ ထုတ်ပြန်တားမြစ်ထားတာမရှိပါဘူး။ တချို့ယာဉ်လိုင်းတွေ ပြေးဆွဲနေတာ ရှိပါတယ်။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေက ပေးမဝင်လို့ ပြေးဆွဲမှု ရပ်နားထားတာ ပဲ ရှိပါတယ်” ဟု ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နဲ့ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအနေဖြင့် မော်တော်ယာဉ်လိုင်းများအား တင်ဆောင်နိုင်သည့် ခရီးသည် အရေအတွက်၏ ထက်ဝက် လျှော့ချတင်ဆောင်၍ ယာဉ်စီးခ ၂ ဆနှုန်းဖြင့် ခရီးသည်တင်ဆောင်ပေးဆွဲရန် မတ်လ ၂၈ ရက်က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
.
“အခုလို ကူးစက်ရောဂါ ဖြစ်နေတဲ့အချိန်မှာ ဘယ်သူမှ အရေးကြီးကိစ္စမရှိဘဲ ခရီးသွားတာမျိုး လုပ်မှာမဟုတ်ဘူး။ တချို့ စီးပွားရေးလုပ်ငန်းကိစ္စတွေ၊ အရေးပေါ်ကိစ္စတွေရှိလို့ မဖြစ်မနေ ခရီးသွားရမယ်ဆိုရင် ဘယ်ကားဂိတ်တွေ ဖွင့်လဲဆိုတာ ကို လှမ်းမေးလို့မရဘူး။ တချို့ဂိတ်တွေက ပိတ်ထားတယ်။ တချို့ကလည်း ပြေးဆွဲနေကြတယ်” ဟု တောင်ကြီးမြို့မှ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မကြာခဏ ခရီးသွားရောက်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။
.
ယင်းကဲ့သို့ အခြား တိုင်းဒေသကြီး/ပြည်နယ်များနှင့် ဆက်သွယ်ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်လိုင်း များ ပြန်လည်ရေးဆွဲနိုင်ရေးကိစ္စမှာ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ညွှန်ကြားချက်များ အပေါ်တွင် မူတည်နေပြီး လာမည့် ဇွန်လဆန်းပိုင်းတွင် ခရီးသည်တင်ယာဉ်လိုင်းများအားလုံး ပြန်လည်ပြေးဆွဲ နိုင်ဖွယ် ရှိနေကြောင်း ယာဉ်လိုင်းဂိတ်များထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About