မိုးနဲ-ကျိုင်းတုံ ရထားလမ်း စီမံကိန်းမှ သိမ်းဆည်းမြေများ ပြန်လည် စွန့်လွှတ်ရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

မိုးနဲ-ကျိုင်းတုံ ရထားလမ်း စီမံကိန်းမှ သိမ်းဆည်းမြေများ ပြန်လည် စွန့်လွှတ်ရန် စီစဉ်နေ

မင်းဇော်မင်း

မိုးနဲ-ကျိုင်းတုံ ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းမှ သိမ်းဆည်းမြေများအား ပြန်လည် စွန့်လွှတ်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း မေလ ၂၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းဆမ်ကျောက်၏ “ကျိုင်းတုံ မြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် လိုအပ်သော မြေနေရာအား သက်ဆိုင်ရာများမှ အသုံး မလိုသည့် သိမ်းဆည်းမြေများအား ပြန်လည် စွန့်လွှတ်အပ်နှံခြင်း ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ” နှင့် စပ်လျဉ်း၍ မေးမြန်းသည့် မေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

.

ယခင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ၂၀၀၉-၂၀၁၀ ခုနှစ်ခန့်က   ရာနှင့် ချီသော မြေများကို သိမ်းဆည်းကာ ရှမ်းပြည်နယ်ဘက်တွင်   မိုးနဲ-ကျိုင်းတုံ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို ဖော်ဆောင်ခဲ့ရာ ထိုစီမံကိန်းကို  ကြိုတင်လေ့လာဆန်းစစ်မှု (Feasibility Study) ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ မြေမျက်နှာသွင်ပြင် အနေအထား ကြမ်းတမ်းခြင်း၊ ဖြတ်သန်း ဖောက်လုပ်ရမည့် မြို့များ၏ တည်နေရာအရ မြေအနိမ့်အမြင့် ကွာဟမှု များပြားခြင်း၊ ဖောက်လုပ်ရမည့် ကုန်ကျစရိတ် များပြားပြီး စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိခြင်း အစရှိသည့် အကြောင်းပြချက်များဖြင့် စီမံကိန်းအား ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စ၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုတော့ဘဲ ရပ်နားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်း အနက် မလိုအပ်တော့သည့် မြေများကို ပြန်လည်စွန့်လွှတ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက လွှတ်တော်အတွင်း ပြောဆိုခဲ့သည်။


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျိုင်းတုံ-ဝမ်ကောင်း လမ်းပိုင်းတွင် အသုံးပြုရန် မလိုအပ်တော့သည့် လမ်းအူကြောင်း သိမ်းဆည်းမြေ ၉၉ ဒဿမ ၅၇၉ ဧကအနက်မှ ၉၄ ဒဿမ ၁၇၃ ဧကကို ကျိုင်းတုံ မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် အသုံးပြုရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကာ ကျိုင်းတုံ ဘူတာဝင်းမြေ ၄၂ ဒဿမ ၄၂ ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံရေး၊ ၅ ဒဿမ ၄၀၆ ဧကကို မူလတောင်သူများထံသို့ ပြန်လည် စွန့်လွှတ်ရေးနှင့် မြို့ရှောင်လမ်းတွင် ပါဝင်သွားသော လယ်ယာမြေများကို ကျိုင်းတုံမြို့နယ်၊ လမ်းဦးစီးဌာန၏ အစီအမံဖြင့် လျော်ကြေးငွေ ပေးချေသွားရေး ကိစ္စများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

လက်ရှိတွင် မြန်မာ့မီးရထားအနေဖြင့် ကျိုင်းတုံ-ဝမ်ကောင်း လမ်းပိုင်းတွင် သံလမ်း ဖြုတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေပြီး ကျိုင်းတုံဘူတာဝန်းနှင့် ဝမ်ကောင်းဘူတာဝန်း တို့တွင် ခင်းထားသော သံလမ်းများ အားလုံးကို ဖြုတ်သိမ်းပြီး ဖြစ်ကြောင်းလည်း သိရသည်။

ကျိုင်းတုံ-ဝမ်ကောင်း ကြား ခရီးမိုင် ၅ ဒဿမ ၆၀ မိုင် ရှိသည့်အနက် မေလ ပထမပတ်ထိ ၄ ဒဿမ ၈၅ မိုင် ပြီးစီးနေပြီး ကျန်ရှိသော ဝ ဒဿမ ၇၅ မိုင်မှာ တောင်ပြိုမြေများ ဖုံးလွှမ်းနေမှုကြောင့် ယင်းမြေများအား ဖယ်ရှား ရှင်းလင်းပြီးမှသာ သံလမ်းများအား ပြန်လည် သိမ်းဆည်းနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About