ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းမရသည့်အပြင် တင်ပို့ရန် ခက်ခဲသဖြင့် တောင်သူများ အရှုံးပေါ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းမရသည့်အပြင် တင်ပို့ရန် ခက်ခဲသဖြင့် တောင်သူများ အရှုံးပေါ်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ၊ အောင်ပန်းနှင့် ရွာငံဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းမရသည့်အပြင် တင်ပို့ရန် ခက်ခဲသဖြင့် အခမဲ့ ပေးဝေရသည့်အထိ တောင်သူများ အရှုံးပေါ်နေရကြောင်း သိရသည်။
.
.
COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကုန်စည်ပို့ဆောင်ရေး ခက်ခဲမှုကြောင့် ခရမ်းချဉ်သီးများ ခူးဆွတ်ချိန် ရောက်သော်လည်း တင်ပို့ရောင်းချရမှု နည်းပါးသည့်အတွက် ယင်းကဲ့သို့ အခက်အခဲ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
“အခု ၃၁ ပိဿာဝင် တစ်အိတ်မှ ၂၀၀၀ ကနေ ၃၀၀၀ လောက်ပဲ ရတယ်။ အရင်ကဆို ၅၀၀၀ အထက်ရတယ်။ အရင်း အနှီးများတော့ တော်တော်ရှုံးကြတယ်။ ဈေးနည်းတဲ့အပြင် ရောင်းချင်တာတောင် ဝယ်လက်မရှိတော့ အလကားပေး နေတာတောင် ယူမယ့်သူ နည်းတယ်” ဟု ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနေ ခရမ်းချဉ်သီးစိုက်တောင်သူ ဖိုးမူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မှော်ဘီကျေးရွာသည် ခရမ်းချဉ်သီး ရာသီချိန်တွင် ကုန်းသီးခေါ် ခရမ်းချဉ်သီး အဓိက စိုက်ပျိုးသည့် အင်းလေးဒေသ အတွင်းရှိ ကုန်းပေါ်ကျေးရွာတစ်ရွာဖြစ်ပြီး ယခုနှစ်တွင် ခရမ်းချဉ်သီးစိုက် တောင်သူများအနေဖြင့် များစွာအရှုံးပေါ် နေရခြင်းဖြစ်ကြောင်း သိရသည်။
.
ခရမ်းချဉ်သီးယိုနှင့် ပြည်မကြိုက် အင်းသီးခေါ် အသားထူ ခရမ်းချဉ်သီးများမှာ စျေးကွက်ဝင်သော်လည်း အမှာရှိမှသာ ပို့ဆောင်ရသဖြင့် ယခင်နှစ်ကဲ့သို့ ရောင်းအား မကောင်းကြောင်း ညောင်ရွှေမြို့အခြေစိုက် အောင်မြန်မာ ခရမ်းချဉ်သီး ပွဲရုံ မှ ဦးအောင်အောင် ထံက သိရသည်။
.
“ဖုန်းဆက်မှာမှ ပို့ရတယ်။ နောက်ပိုင်းတော့ စျေးကောင်းလာမယ်လို့ ယူဆတယ်။ စျေးကွက်က တောင်းဆို လာနေပါပြီ။ အခုကတော့ ၃၁ ပိဿာဝင် တစ်အိတ်မှ ၉၀၀၀ ပဲ ရတယ်။ တန်ဖိုးမြင့်ထုတ်ကုန် မလုပ်နိုင်မချင်းတော့ ကုန်ကြမ်းအဆင့်ပဲ ရောင်းချနေကြရမှာပါ” ဟု ဦးအောင်အောင်က ပြောသည်။
.
ရေခြံ ခေါ် အင်းလေးကန်အတွင်း ခြံဖြင့် စိုက်ပျိုးသည့် အင်းသီးကို ရန်ကုန်၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပြည်၊ မြစ်သား၊ မန္တလေးတို့အထိ လမ်းကြောင်း ၃ ကြောင်းဖြင့် ပို့ဆောင်ပေးနေ ခြင်းဖြစ်ပြီး အင်းခရမ်းချဉ်သီး (အင်းသီး)မှာ အသားထူပြီး အထားခံသဖြင့် ဖျော်ရည်၊ ယို၊ ခရမ်းချဉ်ဆော့များ လုပ်ရန် အထူးကောင်းမွန်သော်လည်းစက်ရုံမရှိသဖြင့် ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်ရောင်းချနေရကြောင်း ၎င်းထံက သိရသည်။
.
အောင်ပန်းရှိ ခရမ်းချဉ်သီးပွဲရုံများအနေဖြင့်လည်း ရာသီထွက် ခရမ်းချဉ်သီးအခွံပါးများမှာ စျေးကောင်းမရသဖြင့် ဝယ်ယူသူနည်းပါးမှုကြောင့် စွန့်ပစ်မှုများရှိနေသလို ပရဟိတအဖွဲ့များနှင့်လိုအပ်သူများသို့ အခမဲ့ ပေးလှူမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
.
“ရေရှားတဲ့ရွာတွေ ရေလှူရင်း သူတို့မှာ COVID-19 ကာလ ကန့်သတ်ချက်တွေကြောင့် ဟင်းစားခက်ခဲနေတဲ့သူတွေ ရှိနေတာ တွေ့သိလာရလို့ အခင်းတွေထဲအထိ သွားဝယ်တော့ အလကားပေးတာနဲ့ အနည်းဆုံးစျေးပေးတာနဲ့ ပေးလှူကြလို့ အထုပ်တွေထုပ်ပြီး အလိုရှိတဲ့ ရွာတွေ၊ အိမ်ထောင်စုတွေကို အခမဲ့ လိုက်ဝေပေးနေပါတယ်” ဟု ရွာငံ မြို့နေ ကိုစိုင်းလူခေးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ခရမ်းချဉ်သီးကို ညောင်ရွှေ၊ အောင်ပန်း၊ ရွာငံမြို့များတွင် စီးပွားဖြစ် အဓိက စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats