တီကျစ်ကျောက်မီးသွေးကုမ္ပဏီမှ အငြင်းပွားမြေကွက်ပေါ်ရှိ တောင်သူများစိုက်ပျိုးထားသော သီးနှံများအား ဖျက်ဆီးပြီး လျော်ကြေးပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

တီကျစ်ကျောက်မီးသွေးကုမ္ပဏီမှ အငြင်းပွားမြေကွက်ပေါ်ရှိ တောင်သူများစိုက်ပျိုးထားသော သီးနှံများအား ဖျက်ဆီးပြီး လျော်ကြေးပေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသရှိ ကျောက်မီးသွေး သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဒေသခံတောင်သူများနှင့် မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော မြေပေါ်တွင် မေလ ၂၈ ရက်က တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများအား စက်ကြီးများဖြင့် အင်အားသုံးဖျက်ဆီးခဲ့ပြီး သီးနှံလျော်ကြေးငွေ များ ပေးအပ်ခဲ့သည်ဟု ဒေသခံတောင်သူများထံက သိရသည်။
.
 
.
“ဘက်ဟိုး ၄ စီး၊ ဘူဒိုဇာ ၂ စီးက ကုမ္ပဏီက လူ ၂၀၀ ကျော် လာဖျက်ဆီးတာ ရာသီသီးနှံ စိုက်ထားတာ အားလုံး ပျက်စီးကုန်တယ်။ တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပေးလို့ သီးနှံလျော်ကြေး ဆိုပြီး လာပေးပါတယ်။ မြေအတွက် မဟုတ်ဘူးလို့ ပြောတယ်။ တောင်သူကတော့ မြေကိုပဲ လိုချင်တာပါ။ မရတော့ အားမတန်မာန်လျှော့ပြီး ငွေပဲယူရတော့ တယ်။ ဒီငွေနဲ့ ဘာမြေမှ ဝယ်လို့လည်း မလောက်နိုင်လို့ ဘာလုပ်ရမှန်း မသိသေးပါဘူး” ဟု တီကျစ်ဒေသ၊ မြကန်သာ ကျေးရွာမှ တောင်သူ ဦးမောင်ချစ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ကုမ္ပဏီမှ သီးနှံလျော်ကြေး ပေးအပ်ရာတွင် တစ်ဧကလျှင် ကျပ် ၅၀ သိန်းနှုန်းဖြင့် လျော်ကြေးအပြင် ပံ့ပိုးငွေကျပ် ၅ သိန်း၊ စုစုပေါင်း တစ်ဧက ၅၅ သိန်းနှုန်းဖြင့် တောင်သူ ၂၂ ဦး၏ မြေဧရိယာ ၁၂ ဒသမ ၃၅၃ ဧက အတွက် ငွေကျပ် ၇၂၆၇၅၀၀၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်စောအောင်ထံက သိရသည်။
.
“တတ်နိုင်သမျှ ရအောင်ညှိနှိုင်းပေးခဲ့ပါတယ်။ သဘောမတူရင်လည်း တရားရုံးမှာ ရင်ဆိုင်ဖို့ ပြောပါတယ်။ ကုမ္ပဏီ ဘက်ကို ၅ သိန်း ထပ်ဆောင်းပေးဖို့လည်း တောင်းဆိုပေးခဲ့ပါတယ်။ အဓိက ကတော့ အခုလို ပြဿနာဖြစ်လာတိုင်း လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူနဲ့ ကုမ္ပဏီတွေ ရှင်းနေရမယ့်အစား အစိုးရတစ်ရပ်က အခွန်အတွက် ကုမ္ပဏီကိုပဲ ဖြစ်ဖြစ်၊ လုပ်ငန်းချထားပေးရင် ဒါကတော့ ဒီနေရာဆိုပြီး အစကတည်းက ကွဲကွဲပြားပြား ချထားပေးစေချင်တယ်။ ဒါဆိုရင် ဒီလိုပြဿနာတွေ မဖြစ်နိုင်ဘူးပေါ့” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က ပြောသည်။
.
အဆိုပါ ကျောက်မီးသွေး သတ္တုတူးဖော်ရေးလုပ်ကွက်ကို ဧဒင် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တူးဖော်နေခြင်းဖြစ်ပြီး ကျောက်မီးသွေးတန်ချိန် သန်း ၂၀ ကျော်ကို တရုတ်နိုင်ငံအခြေစိုက် WuxiHuaguang Electric  Power Engineering ကလည်ပတ် နေသည့် တီကျစ်ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ပေးသွင်းရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About