အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) မှ တီထွင်ထုတ်လုပ်သည့် Robot Trolley တစ်စီးအား စဝ်စံထွန်း ဆေးရုံသို့ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) မှ တီထွင်ထုတ်လုပ်သည့် Robot Trolley တစ်စီးအား စဝ်စံထွန်း ဆေးရုံသို့ လှူဒါန်း


ဗျတ္တ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး)မှ တီထွင်ထုတ်လုပ် ထားသည့် Robot Trolley (တွန်းလှည်းစက်ရုပ်) တစ်စီးအား မေလ ၁၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ Robot Trolley အား အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) မှ ကျောင်းအုပ်ကြီး၏ လမ်းညွှန်မှု ဖြင့် ET/MT ဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ ကိုယ်တိုင်တီထွင်ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပြီး ပစ္စည်းများ တင်ဆောင်၍ အကွာအဝေး ပေ ၁၈၀ ခန့်အထိ ထိန်းချုပ်မောင်းနှင်နိုင်ကြောင်း သိရသည်။
.
“ဒီ Robot Trolley လေး လုပ်ဖြစ်တဲ့ အကြောင်းကတော့ ဆေးရုံတွေမှာ ကူးစက်ရောဂါလူနာ ထားတဲ့နေရာဖြစ်ဖြစ်၊ တခြား အသုံးဝယ်မယ့်‌ နေရာမှာ အသုံးပြုနိုင်အောင်လို့ပါ။ အဓိက ကတော့ ကူးစက်ရောဂါဖြစ်တဲ့ လူနာနားကို လူလူ ချင်း ထိတွေ့မှုမရှိအောင်ဘဲ အစားအစာနဲ့ လိုအပ်တာတွေ ပို့ပေးလို့ရအောင် ကျောင်းအနေနဲ့ ကိုယ်တိုင်တီထွင်ပြီး လှူဒါန်းပေးတာဖြစ်ပါတယ်” ဟု အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) မှ ကျောင်းအုပ်ဆရာကြီး ဦးသာတင်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း Robot Trolley တစ်စီး ထုတ်လုပ်မှုတွင် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၄ သိန်းခွဲခန့်ရှိပြီး ထုတ်လုပ်တပ်ဆင် နိုင်ရန်အတွက် အချိန် ၃ ရက်မှ ၄ ရက်အထိ ကြာမြင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့နောက် Robot Trolley အသုံးပြုမောင်းနှင်ပုံအား ကျောင်းသားတစ်ဦးမှ လက်တွေ့သရုပ်ပြသခဲ့ပြီး ဆေးရုံမှ တာဝန်ရှိသူများ ကိုင်တွယ်အသုံးပြုနိုင်စေရန် သင်ကြားပြသပေးခဲ့သည်ဟု သိရသည်။
.
အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) မှ လှူဒါန်းသည့် Rotot Trolley အား တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats