နန်းဝင်းရီ
.
COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ခြင်း မရှိသေးသော်လည်း
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့များတွင်
လူနှင့် ယာဉ်အသွားအလာ များပြားလာနေသည့် အတွက် ဒေသခံများမှ ဝေဖန်နေလျက်ရှိကြောင်း သိရသည်။
.
.
“အခြေအနေက ဘယ်ကနေ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူမှ သိနိုင်တဲ့ အနေအထားမျိုး
မဟုတ်ဘူး။ အသွားအလာတွေ များလာတဲ့အပေါ်မှာတော့ တတ်နိုင်သလောက် ဆင်ခြင်ဖို့ လိုအပ်တာပေါ့။
စိုးရိမ်ရသေးတဲ့ အနေအထားမှာတော့ ရှိသေးတယ်”ဟု တောင်ကြီးမြို့
ဒေသခံ ဦးဆန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ တောင်ကြီးမြို့မှ ဒေသခံတစ်ဦးကလည်း “တချို့က တစ်ရက်လုပ်မှ
တစ်ရက်စားတဲ့လူတွေ ရှိတယ်။ မထွက်နဲ့ လို့လည်း မဟုတ်ဘူးပေါ့။ လိုတာထက် ပိုပြီး မထွက်ဖို့တော့လိုတယ်။
ထွက်မယ်ဆိုလည်း ကျန်းမာရေး ဂရုစိုက်ဖို့တော့ လိုတယ်ပေါ့။ ခုရောဂါ အခြေအနေက ထပ်တိုးနေတာပဲ။
ဖြစ်နိုင်ရင်တော့ မထွက်တာကောင်းတယ်”ဟု ၎င်း၏
အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူကလည်း “တကယ်တော့ ကျန်းမာရေးဝန်ကြီးဌာနကနေ
ဒီရောဂါ ကူးစက်မှု မရှိတော့ဘူးလို့ မကြေညာ မချင်း စိတ်ပူရမယ့်အခြေအနေ၊ စိုးရိမ်ရမယ့်
အခြေအနေပေါ့။ လူတွေအနေနဲ့ အိမ်ထဲမှာ ဆက်နေဖို့ လိုပါသေးတယ်” ဟု ပြောသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၇ ဦးရှိပြီး ယင်းတို့အနက်
၄ ဦးမှာ ပြန်လည်သက်သာပြီဖြစ်ကာ မြန်မာ နိုင်ငံတစ်ဝှမ်းတွင် ယနေ့ မေလ ၁၁ ရက် နံနက်ပိုင်းအထိ
COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၈၀ ဦး ရှိကြောင်း သိရသည်။
.