ရှမ်းပြည်နယ်အတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၃ လ ယာယီသက်တမ်းတိုးမြှင့် ပေးထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၃ လ ယာယီသက်တမ်းတိုးမြှင့် ပေးထား


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို လက်ရှိ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေ သည့် COVID-19 ကပ်ရောဂါ ကူးစက်မှုကြောင့် သက်တမ်း ၃ လ ယာယီတိုးမြှင့်သတ်မှတ်ပေးထားကြောင်း သိရသည်။
.
.
“သက်တမ်းတိုးတဲ့ ကိစ္စက အရင်ကတော့ ပုံမှန် ၆ လအထိပဲ ကျော်ခွင့်ပေးထားတာပါ။ အခု ကာလက ကပ်ရောဂါ ဖြစ်နေတာကြောင့် ထပ်တိုးပေးလိုက်တာပါ။ နောက်ထပ် ၃ လပေါင်းတော့ ၉ လအထိ တိုးပေးတာပါ။ ဝေးတဲ့သူတွေ အတွက် အချိန် တိုးပေးတဲ့သဘောပါပဲ။ ပြီးရင်တော့ အရင်လို ၆ လ ပဲ ပြန်ဖြစ်မှာပါ” ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် ယင်း ကဲ့သို့ ၃ လ သက်တမ်းတိုးမြှင့်ပေးခြင်းဖစ်သည်ဟု ၎င်းထံက သိရသည်။
.
ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် တောင်ကြီးမြို့တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းများ၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ လူသုံးကုန်နှင့် အလှကုန် ထုတ်လုပ် နည်းသင်တန်း၊ ဝါးအခြေခံ လက်မှုထည်သင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံ စက်ချုပ်သင်တန်း၊ အခြေခံ လက်သမားသင်တန်းနှင့် အခြေခံ လျှပ်စစ်သံဂဟေဆက် သင်တန်းများကို ကာလတို၊ ကာလရှည် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
.
အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်အောက်တွင် ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းများ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်းများ၊ ယွန်းပညာကောလိပ်တို့ကို ဖွင့်လှစ်ကာ အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း(၁၀)မျိုးအပါအဝင် ရိုးရာ လက်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးဆောင်ရွက်ရန် သင်တန်းများ ပို့ချပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေနှင့်အညီ အသေးစားစက်မှု လက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်းနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats