ရှမ်းပြည်နယ်အတွင်းရှိ ဈေးများ၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား စည်းကမ်းချက်နှင့်အညီ ပြန်ဖွင့်ခွင့် ပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 26, 2020

ရှမ်းပြည်နယ်အတွင်းရှိ ဈေးများ၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား စည်းကမ်းချက်နှင့်အညီ ပြန်ဖွင့်ခွင့် ပြုမည်


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ဈေးများ၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဇွန်လ ၁ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
 
.
အဆိုပါ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များ၊ တည်းခိုခန်းများ၊ ယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၂၆ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ရာ အစည်းအဝေးမှ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
.
အစည်းအဝေးတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ်အတွင်း ရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ဟိုတယ်၊ ယာဉ်လိုင်းများအား ရှမ်းပြည်နယ်အစိုးရမှ ကန့်သတ်ပိတ်ပင် ထားရှိ မှုမှာ မေလ ၃၁ ရက်အထိ ဖြစ်ပါကြောင်း၊ ဇွန်လ ၁ ရက်တွင် ထုတ်ပြန်သင့်သည့် အချက်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ရက်ရှည်ပိတ်ထားသည့်အတွက် ဆိုင်ရှိအလုပ်သမားများ စားဝတ်နေရေး အခက်အခဲ ဖြစ်ခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်း၊ စည်းကမ်းချက်နှင့် အညီလိုက်နာ၍ လုပ်ကိုင်နိုင်သူများကို ဆိုင်များ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များ အနေဖြင့် စည်းမျဉ်းစည်းကမ်းချက်များအတိုင်း Mask တပ်ဆင်ခြင်း၊ Social Distancing ပြုလုပ်ခြင်း၊ Partation များ ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ပါက ဆိုင်များကို ဇွန်လ    ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
ထို့အပြင် စည်ပင်သာယာပိုင် ဈေးဆိုင်ခန်းများနှင့် ညဈေးများကိုလည်း သတ်မှတ် စည်းကမ်းချက်များအတိုင်း ခံဝန် ကတိပြု လက်မှတ်ရေးထိုးစေ၍ လိုက်နာမှုရှိပါက ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ပြီး ပျံကျဈေးသည် များကို လက်ရှိအတိုင်းသာ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
.
"သက်ဆိုင်ရာ စျေးဆိုင်တွေကနေပြီးတော့ လိုက်နာပါမယ်ဆိုပြီး ဝန်ခံကတိ ထိုးရမယ်၊ မြေပြင်ကို အဖွဲ့ နဲ့ ကွင်း ဆင်း စစ်မယ်။ အဓိကက Social Distancing ကို ရည်ရွယ်တာပါ။ COVID-19 ကာကွယ်ဖို့ အတွက်ပါ။ လိုက်နာမှု မရှိရင် စည်းကမ်းချက်မှာပါတဲ့အတိုင်းပဲ အရေးယူ ဆောင်ရွက်မှာပါ ” ဟု ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးသိန်းဝင်းက ကမ္ဘေဇတိုင်း သို့ ပြောသည်။
.
ထို့အပြင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် KTV နှင့် Night Club များကို ယခင် မူလအတိုင်း ဆက်လက် ပိတ်ထားရမည်ဖြစ်ပြီး ဟိုတယ်များကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်နယ် စည်ပင်သာယာရေးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးပြီး သတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိပါက ဖွင့်လှစ်ပေးသွားမှာဖြစ်ကာ မော်တော်ယာဉ်လိုင်းများအား ယခင်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ခရီးသည် ထက်ဝက်နှုန်းဖြင့် ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About