အဝေရာမီးပုံးပျံကွင်းတွင် ယာယီဈေးကို စနစ်တကျ ပြန်လည်ဖော်ဆောင်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အဝေရာမီးပုံးပျံကွင်းတွင် ယာယီဈေးကို စနစ်တကျ ပြန်လည်ဖော်ဆောင်သွားမည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းရှိ ယာယီပျံကျဈေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ လုံခြုံဘေးကင်းစေရေးအတွက် စနစ်တကျ ပြန်လည်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ စနစ်တကျ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် တာဝန်ရှိသူများက ယမန်နေ့ မေလ ၁၂ ရက်၊ ညနေပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။
.
“မီးပုံးပျံကွင်းထဲမှာပဲ ကုန်စည်တို့၊ ဟင်းသီးဟင်းရွက်တို့ ပြန်ခွဲတဲ့ သဘောပါ။ ဒါပေမဲ့ အတည်မပြုသေးပါဘူး။ ဝန်ကြီးချုပ်ကို တင်ပြပြီးရင် ပြင်ဆင်ဖို့တွေ ရှိပါသေးတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် အကွာအဝေး၊ လမ်းသွားလမ်းလာ၊ ဝယ်ယူသူ စသဖြင့် ပြန်လည်စီစဉ်ရမှာပါ။ ၄/၅ ရက်တော့ ကြာမယ်ထင်ပါတယ်။ အဲဒါပြီးရင် မီးပုံးပျံကွင်းရှေ့က ဈေးကတော့ ပိတ်မှာပါ။ ကျန်တဲ့ ရပ်ကွက်ထဲက ယာယီဈေး တွေကတော့ ဒီအတိုင်းပဲ ရှိမှာပါ။ ကုန်သည်လမ်းမှာ ယာယီဈေး ခင်းဖို့ကျတော့ လျာထားချက်ပဲ ရှိပါသေးတယ်” ဟု တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကလည်း မေလ ၁၂ ရက်၊ ညပိုင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကာလ ကြာမြင့် လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် ဈေးအရောင်းအဝယ်ပြုလုပ်ရာတွင် MOHS က ထုတ်ပြန်ထားသည့် အသိပေး နှိုးဆော်ချက်များ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်လာပြီး စည်းကမ်းထိန်းသိမ်းမှု ဆောင်ရွက်နေသော စည်ပင်ဝန်ထမ်းများနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှုများလည်း လျော့ရဲလာကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ညွှန်ကြားချက် ထုတ်ပြန်လာပါကြောင်းနှင့် သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်အတွင်းရှိ ဈေးများအားလုံးကို ညွှန်ကြားချက် ၄ ချက်နှင့်အညီ ထပ်ဆင့်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
.
ယင်းကဲ့သို့ စနစ်တကျ ပြန်လည်ဖော်ဆောင်ရာတွင် အဝေရာမီးပုံးပျံကွင်းရှိ ယာယီဈေးအား ကုန်ဖလှယ်သည့် ကားကွင်း၊ အသားငါးဈေးကွင်း၊ ဟင်းသီးဟင်းရွက်ဈေးကွင်း၊ ကုန်ခြောက်နှင့် လူသုံးကုန်ပစ္စည်းရောင်းချကွင်း ဟူ၍ ၄ ကွင်းသတ်မှတ် စီစဉ်သွားမည်ဖြစ်ပြီး ဈေးဝင်ပေါက်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော သတိပေးနှိုးဆော်ချက်များကို သတိပေးကြေညာခြင်း၊ ပိုစတာများ စိုက်ထူခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ Mask များ တပ်ဆင်စေခြင်းတို့ ပြုလုပ်ပြီးမှသာ ရောင်းဝယ်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ဈေးရောင်းချရာတွင် ရေမဝင်/ရေမဝပ်စေရေး၊ နေပူဒဏ်ကာကွယ်ရေးအတွက် ထီးများ စီမံထားရှိရေး၊ Social Distancing ကို ၁၀ ပတ်လည် ဝေးကွာအောင် စီမံရေး တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရအနေဖြင့် ပြည်သူများ ရောဂါဘေးကင်းလုံခြုံရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရေးတို့အတွက် ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ရှိနေပါသဖြင့် ပြည်သူလူထုက ပူးပေါင်းပါဝင်ပေးမှသာ စည်းကမ်းစနစ်ကျပြီး COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခိုင်းခြင်း၊ Mask တပ်ဆင်ခိုင်းခြင်းတို့ကို ကူညီဆောင်ရွက်ပေးရန် စည်ပင်ဝန်ထမ်းများ၏ အင်အားဖြင့် မလုံလောက်၍ Volunteer များအနေဖြင့် ပါဝင်ကူညီပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း  ပြည်နယ်ဝန်ကြီးက ဆက်လက်ရေးသားထားသည်။
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းမုခ်ဦးဘေးရှိ ကျောက်တစ်လုံးကြီးလမ်း အပါအဝင် နေရာ ၉ ခုတွင် ကုန်စိမ်းနှင့် သားငါး ရောင်းချနိုင်ရန်အတွက် ယာယီပျံကျဈေးများ သတ်မှတ်၍ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက် ကတည်းက စတင်ရောင်းချခွင့်ပြုပေးထားခြင်းဖြစ်ပြီး နေ့စဉ် နံနက် ၆ နာရီမှ ၁၀ နာရီအထိသာ ရောင်းချရန် ခွင့်ပြုထားသော်လည်း ယာယီပျံကျဈေးအချို့တွင် ညနေပိုင်းအထိ တစ်နေကုန် ဈေးရောင်းချမှုများ ရှိနေကြောင်း သိရသည်။
.

Journal Download

Photo of three cats