စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော
တောင်ချွန်းတွင် ယခုနှစ် မိုးရာသီအတွင်း သစ်တောဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ
ပူးပေါင်း၍ သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ် ကြောင်း သိရသည်။
.
.
“အဓိက ကကတော့ ချယ်ရီကို ဦးစားပေး စိုက်ချင်တယ်။ တောင်ပေါ်တောရဲ့
သဘာဝနဲ့ ကိုက်ညီတဲ့ အပင်တွေလည်း ပါမယ်။ တောင်ကုန်းကို လှစေချင်တယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့
ချိတ်ဆက်ပြီးတော့ ပေါင်း စိုက်ချင်တယ်။ ပျိုးပင်တွေလည်း ရှိပါတယ်။ လိုတဲ့အပင်တွေကို
ကူညီပြီး ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ သစ်ပင်စိုက်ပျိုးရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့
တင်ပြခွင့်ပြုချက် ရယူထားပြီးဖြစ်ကာ မိုးရာသီတွင် မိုးရေချိန် လုံလောက်စွာရရှိပါက ချယ်ရီပင်များကို
ဦးစားပေးစိုက်ပျိုးသွားမည်ဖြစ်ပြီး သစ်အယ်ပင်၊ ထင်းရှူးနှင့် အခြား အပင်များကိုလည်း
စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ တောင်ချွန်းနေရာသည် သစ်ပင်သစ်တောများ ထူထပ်များပြားပြီး
တောင်ကြီးမြို့၏ ရေဝေရေလဲဒေသ ဖြစ်သဖြင့် ရေဝေရေလဲနှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်အတွက်
ကွန်ကရစ်အုတ်တိုင် အတားအဆီးများ စိုက်ထူရန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ များမှ
စီစဥ်လျက် ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၇၁၂ ပေတွင်
တည်ရှိပြီး အမြင့်ဆုံးဖြစ်သော တောင်ချွန်းမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၇၅၅ ပေတွင်
တည်ရှိကာ တောင်ချွန်းနှင့် မြို့၏ အရှေ့ဘက် တောင်တန်း တစ်လျှောက်တွင် တောင်ပေါ် တောစိမ်းသစ်တော၊
တောခြောက်သစ်တော၊ ထင်းရှူးတောများ ပေါက်ရောက် ရှင်သန်လျက်ရှိကြောင်း သိရသည်။
.