နိုင်ကျဉ်းဟောင်းများမှ နိုင်ကျဉ်းဟောင်းများထံသို့ ဖြန့်ဝေခြင်း အစီအစဉ်ကို ရှမ်းပြည်နယ်တွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ကျဉ်းဟောင်းများမှ နိုင်ကျဉ်းဟောင်းများထံသို့ ဖြန့်ဝေခြင်း အစီအစဉ်ကို ရှမ်းပြည်နယ်တွင် ပြုလုပ်မည်


နန်းဝင်းရီ
.
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကာလအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများမှ နိုင်ငံရေး အကျဉ်းသားဟောင်းများသို့ ဖြန့်ဝေခြင်းအစီအစဉ်ကို ရှမ်းပြည်နယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ဖြန့်ဝေပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၈ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ အစီအစဉ်အရ ၈၈၈၈ ဆရာတော် ဘန္ဒန္တခေမာနန္ဒ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ အကျဉ်းသားဟောင်းများထံသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ဝန်ကြီးချုပ်အပါအဝင် ကျွန်တော်တို့ကို အလှူငွေ လာထည့်ပါတယ်။ ရှမ်းအစိုးရ သူတို့ ကိုယ်ပိုင်ငွေနဲ့ လာထည့်တာပါ။ နိုင်ကျဉ်းထဲက ဆင်းရဲတဲ့ နိုင်ကျဉ်းတွေကို ဦးစားပေးမယ်ဆိုပြီးတော့ လတ်တလော ဆုံးဖြတ်ထားပါတယ်။ ပေးရမယ့် စာရင်းတွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့ နိုင်ကျဉ်းတွေဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းခဲ့တဲ့အချိန်က စပြီး နိုင်ငံရေးအကျဉ်းတွေဖြစ်တာ အများကြီးပါ။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ အလှမ်း ကွာဝေးသွားတာလည်း အများကြီး ရှိတဲ့အတွက် လက်ရှိမှာလည်း ၁၉၈၈ နောက်ပိုင်းမှာ ကျခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို သေဆုံးတဲ့လူကော၊ လက်ရှိ ရှိ​နေတဲ့ သူတွေကော ကျွန်တော်တို့ ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်နိုင်ငံရေးအကျဉ်းဟောင်းများအဖွဲ့ဝင်ဖြစ်သူ ဦးသန်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထောက်ပံ့နိုင်ရန်အတွက် လက်ရှိတွင် အလှူငွေ ၂၄ သိန်း ရရှိထားပြီးဖြစ်ကာ ယင်းရန်ပုံငွေများဖြင့် စတင်ဖြန့်ဝေပေးသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားအဖွဲ့တွင် အဖွဲ့ဝင် ၄၆ ဦး ရှိနေကြောင်း ၎င်းထံက သိရသည်။
.
ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒမှ အလှူငွေကျပ် ၅ သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ကိုယ်ပိုင်ငွေဖြင့် ၅ သိန်း၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးတို့က ကိုယ်ပိုင်ငွေဖြင့် အလှူငွေကျပ် တစ်သိန်းစီ အပါအဝင် အလှူရှင်များမှ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အလှူငွေများ ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးသန်းနိုင် နှင့် ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats