ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ​ထောက်ပံ့​ရေး​ကော်မတီမှ ​တောင်ကြီးမြို့​ပေါ်၌ စားနပ်ရိက္ခာများ စတင် ​​ထောက်ပံ့ ဖြန့်​ဝေ​ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ​ထောက်ပံ့​ရေး​ကော်မတီမှ ​တောင်ကြီးမြို့​ပေါ်၌ စားနပ်ရိက္ခာများ စတင် ​​ထောက်ပံ့ ဖြန့်​ဝေ​


နန်းဝင်းရီ၊ စုလှိုင်
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ စုဆောင်းထားရှိသော ဆန်နှင့် စားနပ်ရိက္ခာ များကို ယနေ့ မေလ ၂၁ ရက်မှ စတင်၍ တောင်ကြီးမြို့ပေါ်ရှိ အခြေခံလူတန်းစား ပြည်သူများအား စတင်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။
.
.

ယနေ့ မေလ ၂၁ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ကမ္ဘောဇဘဏ်လီမိတက် နာယကနှင့် အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့‌ရေး ကော်မတီဝင်များသည် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ အခြေခံလူတန်းစား ပြည်သူ များအား စတင်ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး စိန်ပန်းရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း ၆၉၂ စုနှင့် ရွှေတောင်ရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း ၅၃၂ စု၊ စုစုပေါင်း ၁၂၂၄ စုအား ဆန်နှင့် စားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကမ္ဘောဇဘဏ်နဲ့ အလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေနဲ့ စားနပ် ရိက္ခာတွေကို စုဆောင်းပြီး အခြေခံလူတန်းစားတွေကို ဒီနေ့ စတင် ဖြန့်ဝေတာပါ။ တောင်ကြီးမြို့ပေါ်က စိန်ပန်းနဲ့ ရွှေတောင် ၂ ရပ်ကွက်မှာ ဖြန့်ဝေပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသူရစောသိန်းက  ပြောသည်။
.
ထိုသို့ ထောက်ပံ့ရာတွင် မိသားစုဝင် ၄ ဦးနှင့် အောက်ရှိ အိမ်ထောင်စု တစ်စုလျှင် ခွဲတမ်း ၁ ခုနှုန်းဖြင့် ဆန် ၃ ပြည်၊ ဆီ ၁၈ ကျပ်သား၊ ဆား ၂၅ ကျပ်သား၊ ကုလားပဲ ၅၀ ကျပ်သား၊ ကော်ဖီ တစ်ထုပ်စီနှင့် မိသားစုဝင် ၅ ဦးနှင့် အထက်ရှိ အိမ်ထောင်စု တစ်စုလျှင် ခွဲတမ်း ၂ ခု နှုန်းဖြင့် ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“ရာသီဥတု ကောင်းမွန်ရင်တော့ တောင်ကြီးမြို့ပေါ် ရပ်ကွက်အားလုံးနဲ့ အေးသာယာကို ၆ ရက်အတွင်း အပြီး ဖြန့်ဝေ သွားမှာပါ” ဟု ဦးသူရစောသိန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၊ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေနှင့် စစ်ရှောင် စခန်းများရှိ တိုင်းရင်းသား ပြည်သူများ၊ COVID-19 အတည်ပြုလူနာများ၊ စောင့်ကြည့်လူနာများအား ထောက်ပံ့‌ ပေးသွားမည်ဖြစ်ပြီး စစ်ရှောင်စခန်းများရှိ တိုင်းရင်းသား ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းစီ ထပ်မံထည့်သွင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထောက်ပံ့မှုအတွက် စားနပ်ရိက္ခာနှင့် အထောက်အကူပစ္စည်းများကို ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၅၀၀၀ ကျော် ထောက်ပံ့ပါဝင်ကူညီ လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ အနေဖြင့် တောင်ကြီးမြို့ပေါ် ၂၂ ရပ်ကွက်နှင့် အေးသာယာမြို့ရှိ ၁၂ ရပ်ကွက်တို့အား ယနေ့ မေလ ၂၁ ရက်မှ ၂၈ ရက်အတွင်း အပြီး ဖြန့်ဝေရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats