နန်းဝင်းရီ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် မှုခင်းကျဆင်းရေးအတွက်
လက်ရှိ ဆောင်ရွက်နေသည့် ကျားမင်း စီမံချက် ရက် ၉၀ မှာ လာမည့် မေလကုန်ပိုင်းတွင် ပြည့်မြောက်မည်ဖြစ်ပြီး
သတ်မှတ်ရက် ပြည့်ပါက ရက်ပေါင်း ၆၀ ထပ်မံတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
.
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် မှုခင်းကျဆင်းရေးအတွက်
ကျားမင်းစီမံချက်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရက်ပေါင်း ၉၀ စီမံချက်ဖြင့်
စတင်ကာ လာမည့် မေလကုန်ပိုင်းတွင် ပြည့်မြောက်မည်ဖြစ်ပြီး သတ်မှတ်ရက် ပြည့်ပါက ရက်ပေါင်း
၆၀ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ရှမ်းပြည်နယ်မှာ အထူးသဖြင့် တာချီလိတ်ပေါ့ လောင်းကစားမှု များပြားတဲ့အတွက်
ကျားမင်းစီမံချက် ရက်ပေါင်း ၉၀ ရေးဆွဲပြီး ဆောင်ရွက်တဲ့အခါမှာ မှုခင်းတွေ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရက် ၉၀ ပြည့်တဲ့အခါမှာ
နောက်ထပ် ရက်ပေါင်း ၆၀ ထပ်တိုးပြီး ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး ဝင်းသိန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် မှုခင်းကျဆင်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက်
တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိရာတွင် ဒေသတွင်းရှိ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပါက
မှုခင်းကျဆင်းရေးကို ယခုထက်ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
.
အဆိုပါ ကျားမင်းစီမံချက်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
တာချီလိတ်မြို့သည် ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံများနှင့် နယ်နိမိတ်ချင်း
ထိစပ်နေပြီး ယင်းနိုင်ငံသားများ ဝင် ထွက်ကူးလူးဆက်ဆံမှုများ ရှိနေကာ ဟိုတယ်၊ မိုတယ်များနှင့်
ရပ်ကွက်အတွင်းရှိ နေအိမ်အချို့တွင် အွန်လိုင်း လောင်းကစား၊ ငါးမန်း ဂိမ်းခုံနှင့် ငွေကြေးအလျော်အစား
ပြုလုပ်သည့် လောင်းကစားလုပ်ငန်း များကြောင့် တရားဥပဒေစိုးမိုးမှု အား နည်းနေပြီး နာမည်ဆိုးဖြင့်
ကျော်ကြားခဲ့ကြောင်း သိရသည်။
.