COVID-19 အတည်ပြုလူနာ အမှတ် (၉၆) နှင့် ထိတွေ့ခဲ့သည့် တာချီလိတ်ဆေးရုံမှ ဝန်ထမ်းများ အားလုံးတွင် ပိုးမတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 1, 2020

COVID-19 အတည်ပြုလူနာ အမှတ် (၉၆) နှင့် ထိတွေ့ခဲ့သည့် တာချီလိတ်ဆေးရုံမှ ဝန်ထမ်းများ အားလုံးတွင် ပိုးမတွေ့


ကိုစိုး (ကမ္ဘောဇတိုင်း)
.
COVID-19 အတည်ပြုလူနာ အမှတ် (၉၆) နှင့် ထိတွေ့ခဲ့မှုကြောင့် တာဝန်မှ ယာယီရပ်နားခံထားရသည့် တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်အပါအဝင် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၃၀ ဦး တို့၏ ဓါတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
.
.
"ဓါတ်ခွဲစစ်ဆေးခဲ့တာ အားလုံး Negative ဖြစ်ပါတယ်။ လူနာအမှတ် (၉၆) အပါအဝင် ကျိုင်းတုံဆေးရုံမှာရှိတဲ့ အတည်ပြုလူနာ ၃ ဦးလုံး ကျန်းမာရေး ကောင်းနေပါတယ်။ အခု Negative ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလုပ် ပြန်ဆင်းဖို့ကတော့ သူတို့ အတည်ပြုလူနာနဲ့ နောက်ဆုံးထိတွေ့ခဲ့တဲ့ ရက်ကနေ ၂၈ ရက်အထိ Home Quarantine နေရမှာဖြစ်ပါတယ်'' ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဘစိုးသက်ကလည်း "ပထမအကြိမ်မှာ အယောက် ၃၀ က Negative ထွက်ပါတယ်။ နောက် ဒုတိယအကြိမ် ပြန်စစ်တော့ တိုက်ရိုက် ထိတွေ့မှုမရှိတဲ့ ဆေးရုံအုပ်ကြီးရဲ့ မိသားစုဝင်တွေ မပါတော့ဘူး။ ၂၇ ယောက် ထပ်စစ်ပါတယ်။ အဲဒါ အားလုံး ဒုတိယအကြိမ် Negative အဖြေထွက်ပါတယ်" ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ဆေးရုံအုပ် အပါအဝင် ကျန်းမာရေးဝန်ထမ်းများ တာဝန်မှ ယာယီရပ်နားခဲ့ရသည့်အတွက် တာချီလိတ် ဆေးရုံတွင် ပုံမှန်ဆေးကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် မန္တလေးနှင့် ကျိုင်းတုံမြို့မှ ဆရာဝန်များအပြင် တပ်မတော်မှ အထူးကုဆရာဝန်များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများဖြင့် လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြုလူနာ ၃ ဦး ရှိပြီး ၄င်းတို့မှာ မိုင်းဖြတ်မြို့မှ လူနာအမှတ် (၆၄)၊ တာချီလိတ်မြို့မှ လူနာအမှတ် (၉၆) နှင့် လူနာအမှတ် (၁၁၂) တို့ဖြစ်ကာ လက်ရှိတွင် ၃ ဦးလုံး ကျန်းမာရေး ကောင်းမွန်နေလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About