တောင်ကြီး တောင်ချွန်းသွားလမ်းတွင် အုတ်တိုင် အတားအဆီးများ စိုက်ထူရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး တောင်ချွန်းသွားလမ်းတွင် အုတ်တိုင် အတားအဆီးများ စိုက်ထူရန် စီစဉ်နေ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ အထင်ကရနေရာဖြစ်သော တောင်ချွန်းသို့ သွားရောက်ရာလမ်းတွင် ကွန်ကရစ် အုတ်တိုင် အတားအဆီးများ စိုက်ထူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ တောင်ချွန်းနေရာသည် သစ်ပင်သစ်တောများ ထူထပ်များပြားပြီး တောင်ကြီးမြို့၏ ရေဝေရေလဲဒေသ ဖြစ်သဖြင့် ရေဝေရေလဲနှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်အတွက် ယင်းကဲ့သို့ ကွန်ကရစ်အုတ်တိုင် အတားအဆီးများ စိုက်ထူရခြင်းဖြစ်ကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်ထံက သိရသည်။
.
“တောင်ချွန်းလမ်းက အရင်တုန်းကတော့ သဘာဝ လမ်းလေးပေါ့။ အခုက လမ်းကျယ်သွားတဲ့အတွက် ကားကြီးတွေပါ ဝင်ထွက်သွားလာနေတာ ရှိလာတယ်။ သစ်ပင်တွေ ခုတ်ဖြတ်ပြီး ကားတွေနဲ့ တင်တယ်။ ဒါကြောင့် မြို့သူမြို့သားတွေ က စိုးရိမ်တယ်။ မြို့သူမြို့သားတွေရဲ့ သဘောဆန္ဒ တူညီချက်အရ အလွယ်တကူ ဝင်ထွက်လို့မရအောင် လုပ်တာပါ” ဟု ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နှစ်စဉ် ပွင့်လင်းရာသီ၌ ယင်းတောင်ချွန်းပေါ်သို့ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု များပြားသည့်အတွက် အမှိုက် ပြဿနာနှင့် သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုများအပြင် လုံခြုံရေးအရ စိုးရိမ်ရသည့် အခြေအနေများလည်း ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ အုတ်တိုင် စိုက်ထူနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ခွင့်ပြုချက် တင်ပြတောင်းခံထားပြီး ခွင့်ပြုချက် ရရှိပါက မြို့သူမြို့သားများ၊ စေတနာရှင်အလှူရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် ပရဟိအဖွဲ့များ စုပေါင်းအားဖြင့် မကြာမီရက်ပိုင်းအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၇၁၂ ပေတွင် တည်ရှိပြီး အမြင့်ဆုံးဖြစ်သော တောင်ချွန်းမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၇၅၅ ပေတွင် တည်ရှိကာ တောင်ချွန်းနှင့် မြို့၏ အရှေ့ဘက် တောင်တန်း တစ်လျှောက်တွင် တောင်ပေါ် တောစိမ်းသစ်တော၊ တောခြောက်သစ်တော၊ ထင်းရှူးတောများ ပေါက်ရောက် ရှင်သန်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats