သီပေါမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆုံဆို့နာဟု ယူဆရသည့် ရောဂါဖြင့် ကလေး ၃ ဦး သေဆုံးပြီး ၅ ဦး ဆေးရုံ တက်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆုံဆို့နာဟု ယူဆရသည့် ရောဂါဖြင့် ကလေး ၃ ဦး သေဆုံးပြီး ၅ ဦး ဆေးရုံ တက်နေရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မိုင်းလာကျေးရွာအုပ်စု၊ အထက်ပန်တီးကျေးရွာတွင် ရက်သတ္တပတ် တစ်ပတ် အတွင်း ဆုံဆို့နာဟု ယူဆရသည့် ရောဂါဖြင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ပြီး ကျန် ကလေးငယ် ၅ ဦးကိုလည်း ဆေးရုံ သို့ တင်ပို့၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
.
.
အထက်ပန်တီးကျေးရွာတွင် ကလေးငယ် ၃ ဦး သေဆုံးကြောင်း သတင်းရရှိသဖြင့် ကျန်းမာရေးဌာနမှ သွားရောက် ကွင်းဆင်းစစ်ဆေးရာ ဆုံဆို့နာဟု ယူဆရသဖြင့် ကလေးငယ် ၅ ဦးအား ဆေးရုံသို့ တင်ပို့ခဲ့ပြီး ကျေးရွာအတွင်းရှိ အသက် ၁၅ နှစ်အောက် ကလေးငယ်များကိုလည်း ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သီပေါမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နန္ဒဝင်းထံက သိရသည်။
.
“ကျေးလက်ကျန်းမာရေးကိုယ်စားလှယ် စေတနာ့ဝန်ထမ်းဆီကနေ ကလေးတွေ ဆုံးတဲ့သတင်း ကြားကြားချင်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ နယ်စည်းမခြားပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ ညှိနှိုင်းပြီး လမ်းမကောင်းတဲ့ မိုင် ၇၀ ကျော်ကို သွားရောက်စစ်ဆေးတော့ ဆုံဆို့နာ ဖြစ်နိုင်တယ်လို့ သတ်မှတ်ပြီး ကျန် ဖျားနာနေတဲ့ ကလေးတွေကို ဆေးရုံခေါ်လာပြီး အာခေါင်တို့ဖတ်ယူ၊ ပြည်နယ်ကတစ်ဆင့် ဓါတ်ခွဲစမ်းသပ်ဖို့ ပို့ထားပြီးပါပြီ။ လမ်းမကောင်းတော့ မိုးမရွာဘဲ ရာသီဥတုကောင်းရင် ရွာမှာကျန်တဲ့ ကလေးတွေကို အမြန်ဆုံး ဆေးထိုးပေးနိုင်ဖို့နဲ့ အခု ဆေးရုံမှာ ကုသ ပေးနေတဲ့ ကလေးတွေကို မန္တလေးပို့ဖို့ ဒီနေ့ ဆွေးနွေးနေပါတယ်” ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။
.
အဆိုပါ ရောဂါဖြစ်ပွားသည့် ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိနေသည့် ဒေသဖြစ်သဖြင့် ကလေးငယ် များအား ကာကွယ်ဆေး သွားရောက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်နေဆဲဖြစ်ပြီး ယင်းကျေးရွာတွင် ကလေးငယ် ၂၀ ဦးကျော်ရှိကာ အခြားကျေးရွာများတွင်လည်း ရှိနိုင်သဖြင့် ကလေးများအားလုံး ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကြိုးပမ်းနေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
သီပေါမြို့နယ်တွင် ၂၀၀၇ ခုနှစ်က ကျန်းမာရေးလက်လှမ်းမမီသည့် နေရာ ၄၀ ရာခိုင်နှုန်းရှိ ခဲ့ရာမှ ယခုအခါ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းလာသော်လည်း  ယခုဖြစ်ပွားသည့်နေရာမှာ ဝင်ရောက်ခွင့်မရသည့်နေရာဖြစ် နေသည့် အတွက် ကလေး ၃ ဦး သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
.
ဆုံဆို့နာ ရောဂါသည်  ကူးစက်ရောဂါ ဖြစ်ပြီး ချက်ခြင်း သေဆုံးတတ်သည့်အတွက် အထူး ဂရုစိုက်ရန် လိုအပ် ကြောင်းနှင့် ဆုံဆို့နာမှ ထွက်ရှိသည့် အဆိပ်များက နှလုံးသို့ တိုက်ခိုက်သဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ယခုဖြစ်ပွားနေသည့် ရောဂါနှင့်သေဆုံးမှုကို နမူနာပြပြီး အခြားနေရာများဖြစ်သည့် Zero Dose  နေရာများသို့ ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးနှင့် လက်ရှိရောဂါဖြစ်ပွားနေသည့် ကလေးများ သက်သာပျောက်ကင်းရေး အတွက် တို့ဖတ်နမူနာ၏ ဓာတ်ခွဲခန်းအဖြေအပေါ် မူတည်ကာ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
.
သီပေါမြို့နယ်အတွင်း လွန်ခဲ့သည့် ၃ နှစ်တာကာလက ဆုံဆို့နာသံသယ လူနာ ၁၅ ဦး တွေ့ရှိခဲ့ရာမှ ၅ ဦးမှာ ပို့တွေ့ ခဲ့ပြီး ယင်းတို့အနက် သီပေါတွင် ၁ ဦး၊ မန္တလေးတွင် ၂ ဦး စုစုပေါင်း ၃ ဦးကွယ်လွန်ခဲ့ကြောင်းသိရသည်။
.

Journal Download

Photo of three cats