စိုင်းရာဇာ
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
အထူးအစည်းအဝေး (၁/၂၀၂၀) ကို လာမည့် မေလ ၁၈ ရက်တွင် စတင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
ယခု ကျင်းပမည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
အထူးအစည်းအဝေးသည် ၂၀၂၀ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေးဖြစ်ပြီး
၁၈ ကြိမ်မြောက် ပုံမှန်အည်းအဝေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်က ကျင်းပ
ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“၂၀၂၀-၂၁ မှာ
ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေနဲ့ သုံးမယ့် စီမံကိန်းလုပ်ငန်းတွေရဲ့
လုပ်ငန်းတွက်ချက်မှုစာရင်းနဲ့ လုပ်ငန်း အကြောင်းအရာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒေသဖွံ့ဖြိုးရေး၊ ရေ၊ မီး လမ်း ရရှိရေးတွေပေါ့။ အဲဒါတွေကို ဘယ် မြို့နယ်မှာ
ဘယ်လောက်သုံးမယ်ဆိုတာတွေ အကြမ်း ဆွေးနွေးပြီး လွှတ်တော်ကို တင်မှာပါ” ဟု ရှမ်းပြည်နယ်
လွှတ်တော် ဒုတိယဥက္ကဌ ဦးစဝ်အောင်မြတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး
(၁/၂၀၂၀) ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးအတွက်
ကြိုတင်စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၂ ရက်က တောင်ကြီးမြို့ရှိ
ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီအခန်း (၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“COVID-19 နဲ့ ပတ်သက်ပြီး
ထိုင်ခုံနေရာချထားတာတွေပေါ့။ အပေါ်နဲ့အောက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ
ထိုင်စရာတွေ မျှလိုက်မယ်။ လေ့လာသူတွေကိုလည်း ကန့်သတ်လိုက်တယ်။
အထူးအစည်းအဝေးဖြစ်တော့ အစည်းအဝေးရက်ကို အများကြီးမယူနိုင်အောင် လုပ်ထားတယ်” ဟု
ဦးစဝ်အောင်မြတ်က ဆက်လက်ပြောဆိုခဲ့သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး ၁၈ ကြိမ်၊ အရေးပေါ် အစည်းအဝေး ၄ ကြိမ်နှင့်
အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း လွှတ်တော် အစည်းအဝေး ၂၃ ကြိမ် ကျင်းပ
ပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခု ကျင်းပမည့် အထူးအစည်းအဝေးသည် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
သက်တမ်းအတွင်း ဒုတိယအကြိမ် မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
.