အခြေခံပညာကျောင်းများအား ဇူလိုင်လ ၂၁ ရက်မှ စတင်ဖွင့်လှစ်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အခြေခံပညာကျောင်းများအား ဇူလိုင်လ ၂၁ ရက်မှ စတင်ဖွင့်လှစ်သွားမည်


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇူလိုင်လ ၂၁ ရက်မှ စတင်ကာ အဆင့်အလိုက် ၂ ပတ်ခြားစီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
“နောက်ဆုံး ညှိနှိုင်းဆွေးနွေးချက်အရ ၂ ပတ်ခြားစီ အထက်တန်းအဆင့်ကို အရင်ဖွင့် ဖို့ သတ်မှတ်ချက်ထားပါတယ်။ အထက်တန်းတွေကို နိုင်နိုင်နင်းနင်း လုပ်နိုင်ပြီဆိုမှ အလယ်တန်းကိုဖွင့်ဖို့ အစီအစဉ် ဆွဲမှာပါ။ နောက်ဆုံးအဆင့်မှ မူလတန်း အဆင့်ကို ဆက်လက် ဖွင့်ဖို့ အစီအစဉ် ဆွဲထားပါတယ်။ COVID-19 ဗဟိုညွန်ကြားမှုကော်မတီက ဇူလိုင်လ ၂၁ လို့ ပြောတယ်။ တရားဝင် စာတော့ မရောက်သေးဘူး” ဟု ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့နေ ကျောင်းသားမိဘ တစ်ဦးက “သူတို့က စည်းကမ်းချက်နဲ့အညီ ပြောပေမဲ့ ကလေးကို ကျောင်းလွှတ်ရမှာ စိတ်မချဘူး။ ပညာရေး တစ်နှစ်နောက်ကျတာက ကိစ္စ မရှိဘူး။ ရောဂါဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ရမလဲ” ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးရာတွင် အထက်တန်းအဆင့်များအား စတင် ဖွင့်လှစ်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က အထက်တန်းကျောင်း၂၇၂ ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ်တန်းကျောင်း ၂၈၁ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၃၄၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၇၉၃ ကျောင်း၊ မူလတန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၇၀၁ ကျောင်း၊ တွဲဘက် မူလတန်းကျောင်း ၁၂ ကျောင်း ရှိပြီး စုစုပေါင်း ၆၃၉၁ ကျောင်း ရှိကာ ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းပေါကင်း ၅၆၇ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိထားကြောင်း သိရသည်။
.

Journal Download

Photo of three cats