စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင်
ဆက်ကြေးကောက်ခံသည့် RCSS/SSA တပ်ဖွဲ့ဝင် ၂ ဦးကို မူးယစ်ဆေးဝါး တွေ့ရှိမှုဖြင့် မိုင်းတုံမြို့မရဲစခန်းတွင်
မေလ ၂၁ ရက် ညနေပိုင်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
.
မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စုတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့်
တပ်မတော် စစ်ကြောင်းသည် မေလ ၁၅ ရက်၊ နံနက် ၂ နာရီကျော်ခန့်တွင် မိုင်းကန်ကျေးရွာအုပ်စု
၊ ရွှေပြည်ကျော်ရွာ၌ RCSS/SSA အဖွဲ့မှ အရပ်ဝတ်ဖြင့် ဆက်ကြေးကောက်ခံရန် ရောက်ရှိနေကြောင်း
သတင်းအရ သွားရောက်ရှင်းလင်းရာ ထိုင်းနိုင်ငံ၊ မိုင်းဖန်မြို့နေ စိုင်းစံဆိုင်နှင့်
လဲချားမြို့၊ နမ့်အွန်ကျေးရွာနေ အိုက်ကြွက် ခေါ် ကေလာစ တို့ကို မြန်မာကျပ်ငွေ ၁၅၀၀၀၀၊
ဆိုင်ကယ်တစ်စီးနှင့် စိုင်းစံဆိုင်၏ ဘေးလွယ်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား
၉၁ ပြားကို တွေ့ရှိ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
၎င်းတို့သည် မြန်မာ-ထိုင်းနယ်စပ်ရှိ ဆန်စုစခန်းမှ ဖြစ်ပြီး အဆိုပါ
စခန်းမှ နားပါကော်၊ လွယ်ခမ်းလုံ၊ မိုင်းကန် လမ်းကြောင်းအတိုင်း သစ်များ ကြည့်ရန် လာရောက်ခြင်းဖြစ်ပြီး
၎င်းတို့အဖွဲ့များမှာ နမ့်စင်ချောင်း တစ်ဝိုက် သွားလာ နေခြင်း ဖြစ်ကာ ရွှေပြည်ကျော်ရွာတွင်
အရက်သောက် နားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ RCSS ဆက်ဆံရေးရုံးမှ တာဝန်ရှိသူအား ဆက်သွယ်
မေးမြန်းရာ ဖမ်းဆီးခံရသူများမှာ သွားလာရင်း အရက်ဝင်သောက်ခြင်းသာ ဖြစ်ပြီး ဆက်ကြေးငွေကောက်ခံရန်
ညွှန်ကြားထားခြင်း မရှိကြောင်း ပြောသည်။
.
ဖမ်းဆီးခံရသည့် ၎င်းတို့ ၂ ဦးအား မိုင်းတုံမြို့မရဲစခန်းမှ မယ(ပ)
၈/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က) /၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
.