ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်ရှိ တောင်သူလယ်သမားများအား မိုးရာသီ စပါးစိုက်ပျိုးစရိတ် ချေးငွေများကို
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မေလ ၁၅ ရက်တွင် စတင် ထုတ်ချေးပေးလျက် ရှိကြောင်း
သိရသည်။
.
ကျိုင်းတုံမြို့နယ်ရှိ
တောင်သူ ၂၅၀ ဦးအတွက် လယ် တစ်ဧကလျှင် ငွေကျပ်
၁၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းကျပ်သိန်း ၁၂၀၀ ကျော်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ
ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ မိုးစပါး စိုက်ပျိုးတဲ့
တောင်သူတွေအတွက် တစ်နှစ်မှာ ၅ ရာခိုင်နှုန်း အတိုးနဲ့ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ ချေးငွေ
ရယူလိုတဲ့ စပါးစိုက် တောင်သူတွေ ငွေ ချေးယူနိုင်အောင်လို့ ဒီဒေသရဲ့ ဘာသာစကား အခက်အခဲနဲ့
ရုံး လုပ်ထုံးလုပ်နည်းကို သေချာ နားလည်အောင်လို့ ရပ်ကျေး တာဝန်ရှိသူတွေရဲ့ ကူညီဆောင်ရွက်ပေးတာက
အရေး ပါ ပါတယ်” ဟု ကျိုင်းတုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကျော်လွင်အောင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့ရှိ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေ ရယူထားခြင်း မရှိသော
တောင်သူများသည် ဆောင်းသီးနှံများဖြစ်သည့် ပြောင်း၊ မြေပဲ၊ နေကြာ၊ အာလူး ၊ ပဲပုပ် စိုက်ပျိုးပါကတစ်ဧကလျှင်
ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ချေးငွေ လျှောက်ထား ရယူနိုင်ကြောင်းလည်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင်
ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၃၁ စု ရှိသော်လည်း မိုးရာသီ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ
လာရောက်လျှောက်ထား ရယူသည့် ကျေးရွာအုပ်စုမှာ ၁၂ စုသာ ရှိကြောင်း သိရသည်။