ကိုကိုနိုင်
(မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌ Quarantine ၂၁ ရက် နေထိုင်ပြီးသော ပြည်တော်ပြန်
မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅၅၃ ဦးသည် မိုင်းယုမြို့သို့ မေ ၄ ရက်၊ နံနက်ပိုင်းက
ရောက်ရှိလာပြီးနောက် ယင်းမှ တဆင့် နေရပ် အသီးသီးသို့ ပြန်ကြမည် ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း
အလုပ်သမားများအား မိုင်းယု-ကျိန်းယဲန်း တံတားပေါ်တွင် အထူးဒေသ(၄)၊ ဆက်ဆံရေးဌာနမှ
ဒုဆက်ဆံရေးဌာနမှူး ဦးဆောင်သော အဖွဲ့မှ မိုင်းယောင်းမြို့နယ်ရှိ တာဝန်ရှိသူများထံသို့ လာရောက်
လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ကာ ပြည်တော်ပြန်များအား လွှတ်တော်ကိုယ်စားလှယ်များ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံ ကြိုဆိုခဲ့သည်။
.
ထို့နောက်
ပြန်တော်ပြန်များကို လူဦးရေစာရင်း ကောက်ယူခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အစားအသောက်များ
ဝေငပေးခြင်းများ ဆောင်ရွက်ပေးပြီး မော်တော်ယာဉ် ၂၃ စီးဖြင့် မိုင်းယုမြို့မှ တစ်ဆင့် မိုင်းယောင်း-ကျိုင်းတုံ-တောင်ကြီး
လမ်းကြောင်းအတိုင်း နေရပ်ဒေသ အသီးသီးသို့ ဆက်လက် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
.
ယင်း
ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် တရုတ်နိုင်ငံတွင် ကျပန်းအလုပ် လုပ်ကိုင်နေသူများ
ဖြစ်ကာ COVID-19 ရောဂါ အခြေအနေများကြောင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာကြသူများ
ဖြစ်ကြောင်း သိရသည်။
.