မြဝတီမှ လွှဲပြောင်းလာသူ ၃၈ ဦးကို တောင်ကြီးမြို့၊ မိုးကုတ်ရိပ်သာတွင် Quarantine ထားရှိမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

မြဝတီမှ လွှဲပြောင်းလာသူ ၃၈ ဦးကို တောင်ကြီးမြို့၊ မိုးကုတ်ရိပ်သာတွင် Quarantine ထားရှိမည်


ကမ္ဘောဇတိုင်း
.
ကရင်ပြည်နယ်၊ မြဝတီမြို့မှ လွှဲပြောင်းပေးပို့လာသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား ၃၈ ဦးကို တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် Facilities Quarantine ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
.
Photo - Win Naing Soe
 
.
အဆိုပါ မြဝတီမှ ပြန်လည်လွှဲပြောင်းလာသူများမှာ ၇၀ ဦးခန့်ရှိပြီး ယနေ့ မေလ ၂၇ ရက်၊ ညပိုင်းတွင် တောင်ကြီးမြို့သို့ ရောက်ရှိမည်ဖြစ်ကာ ၎င်းတို့အနက် တောင်ကြီးမြို့နယ်မှ ၃၈ ဦးကို Facilities Quarantine ထားရှိနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
.
“ဒီနေ့ညနေ ရောက်မှာပါ။ နေရေးထိုင်ရေးကတော့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ စားစရိတ်ကတော့ လတ်တလော အခြေအနေအရ အစိုးရအဖွဲ့က ဘာမှ လမ်းညွှန်မှု မပေးသေးတဲ့အတွက် ပြောလို့မရသေးပါဘူး” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုးကလည်း “တောင်ကြီးက ၃၈ ယောက် ပါပါမယ်။ ဒီနေ့ညနေ ထမင်းကျွေးဖို့က ကိုအယ်ပွ မိသားစုက လှူဒါန်းထားပါတယ်။ ကျွန်တော်တို့ကတော့ သူတို့အိပ်ဖို့ အိပ်ရာတွေ ပြင်ဆင်ထားပြီးပါ။ Facilities Quarantine ထားမှာဆိုတော့ လုပ်ရမယ့်ဟာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ်လည်း ဝင်လာဖို့ ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ယင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကရင်ပြည်နယ်၊ မြဝတီမြို့မှတစ်ဆင့် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး မြဝတီမြို့တွင် စိစစ်လက်ခံ၍ ၎င်းတို့ကို နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About