ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ (၄)၊ နမ့်ပန်းတွင်
Quarantine ၂၁ ရက် ဝင်ရောက်ပြီးသော မြန်မာ လုပ်သား ၁၀၈ ဦးကို ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းက
မိုင်းယုမြို့မှတစ်ဆင့် ပြန်လည်ပေးပို့လာခဲ့ရာ ၎င်းတို့ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်ဟု
သိရသည်။
.
.
အဆိုပါ နေရပ်ပြန် မြန်မာအလုပ်သမားများကို ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းက
မိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် အထူးဒေသ(၄)၊
နမ့်ပန်းဒေသ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအိုက်ဆမ်မွန်း၊ ဒုတိယဆက်ဆံရေးတာဝန်ခံ ဦးလော်ချီ၊
ဒုတိယရဲတပ်ဖွဲ့မှူး ချစ်ဆနှင့် ကျိန်းယဲန်းဒေသရဲစခန်းမှူး မောင်အေးဦးအဖွဲ့တို့မှ လွှဲပြောင်းလက်ခံ
ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ လွှဲပြောင်းလက်ခံခဲ့သည့် ရွှေ့ပြောင်းလုပ်သားများတွင်
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ကျား ၃၈ ဦး မ ၇၀ ဦး စုစုပေါင်း အလုပ်သမား ၁၀၈
ဦးပါဝင်ပြီး စတုထ္ထအကြိမ် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် နေရပ်ပြန် အလုပ်သမားများကို မြို့မရပ်ကွက် အားကစားကွင်းတွင်
ခရိုင်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များ၊
စစ်ဖက်ဆိုင်ရာအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက
လူဦးရေစာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊
အစားအသောက်များ ဝေငှပေးခြင်း၊ သတ်မှတ်လိုင်းကားများ စီးနင်နိုင်ရန်စီစဉ်ပေးခြင်း များပြုလုပ်ပေးခဲ့ကြောင်း
သိရသည်။
.
တရုတ်ပြည်မှ ကျပန်းအလုပ်လုပ်ကိုင်ရာမှ COVID-19 ရောဂါအခြေအနေများကြောင့်
နယ်စပ်ဒေသ မိုင်းယုမြို့သို့ မေလ ၂၃ ရက်နေ့အထိ
Quarantine ၂၁ ရက်ပြုလုပ်ပြီးသော နေရပ်ပြန် မြန်မာအလုပ်သမားများ ၄ ကြိမ်မြောက်
စုစုပေါင်း ၁၅၁၈ ဦး ဝင်ရောက်လာခဲ့ပြီး ၎င်းတို့ကို နယ်စပ်ဒေသ မိုင်းယုမြို့မှတစ်ဆင့်
တောင်ကြီးမြို့သို့ ပို့ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.