စုလှိုင်
.
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊
နယ်စပ်ဒေသများနှင့် မည်သည့် ဒေသများမှ မဆို တောင်ကြီးမြို့နယ် အတွင်းသို့ ပြန်လည်
ဝင်ရောက် လာမည့်သူများသည် ကျန်းမာရေး ထောက်ခံချက် မပြနိုင်ပါက Quarantine ၂၁ ရက် ဝင်ရမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနက
မေလ ၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
တောင်ကြီးမြို့နယ် အတွင်းသို့ ပြန်လည်
ဝင်ရောက် လာမည့်သူများသည် ထွက်ခွာလာသည့် ဒေသမှ ကျေးရွာ/ရပ်ကွက်နှင့် ကျန်းမာရေးဌာန၏
ခိုင်လုံသော ထောက်ခံချက် အထောက်အထား ပြသနိုင်ခြင်း မရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ
အတွင်းရှိ Community Based Quarantine Center ၂၁ ရက်
ဝင်ရောက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
“ ရန်ကုန်တို့ မန္တလေးတို့
နယ်စပ်ဒေသက လာတဲ့ သူတွေက ဂိတ်တွေကို ဖြတ်တဲ့အခါ လိပ်စာတွေကို အမှန် မပေးဘူး။
အဲ့လိုတွေ ရှိတယ်။ သူတို့ ဝင်သွားပြီးလို့ ရှိရင်လည်း ရပ်ကွက်တွေ ကျေးရွာတွေကို
ရောက်သွားရင် သူတို့ကို လိုအပ်တဲ့ Quarantine Center ကို ဝင်ဖို့ ပြောမယ်ဆိုရင် ခက်နေတာပေါ့။ အဲဒီအတွက်ကြောင့် သူတို့ သက်ဆိုင်ရာ ဒေသကနေ
လာလို့ ရှိရင် ထောက်ခံချက်လေးတွေ ယူလာတယ်ဆိုရင် ကြည့်ပြီး လိုအပ်သလို ဆက်လက်
ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်တာပါ။ ဒေသတွင်း(တောင်ကြီးမြို့နှင့်
အနီးတဝိုက်) တော့ မပါ ပါဘူး” ဟု တောင်ကြီးမြို့နယ်
ကျန်းမာရေးမှူး ဒေါက်တာ မိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ထုတ်ပြန်ချက်အား ကျန်းမာရေး
နှင့် အားကစား ဝန်ကြီးဌာန၏ အမိန့်အမှတ် ၃၈/၂၀၂၀ အရ လည်းကောင်း၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းတွင် လိုက်နာရမည့်
အချက်များအရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။