စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ Quarantine Center အဖြစ် အသုံးပြုထားသော
အခြေခံပညာ စာသင်ကျောင်းများအား ပိုးသတ်ဆေးဖြန်းပြီး ရက် ၂၀ ကြာမှသာ ကျောင်းသား/ကျောင်းသူများ
ထားရှိ နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
.
![]() |
ဓါတ်ပုံ - တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ခုတွင် ဖွင့်လှစ်ထားသော Quarntine Center အား မြင်တွေ့ရစဉ် |
.
“လက်ရှိတော့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ဌာနကနေ ညွှန်ကြားထားတာ မရှိသေးပါဘူး။
ကျောင်းတွေကို ပြန်အပ်မယ် ဆိုရင် Quarantine ဝင်ထားတဲ့ သူတွေကို နေရာရွှေ့ပြောင်းရေး၊
ရွှေ့ပြောင်းပြီးတာနဲ့ ကျန်းမာရေးဦးစီးဌာနက ကျောင်း တွေကို ပိုးသတ်ဆေးဖြန်းမှာဖြစ်ပါတယ်။
ဆေးဖြန်းပြီး ရက် ၂၀ ကျော်ကြာမှ ကျောင်းသား/ကျောင်းသူတွေကို ထားနိုင် တဲ့အဆင့်အထိ ဆောင်ရွက်ရမှာဖြစ်ပါတယ်”
ဟု ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
လက်ရှိတွင် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊
တရားရိပ်သာများ အစရှိသည့် နေရာများတွင် Quarantine ၂၁ ရက် ထားရှိ၍ အသွားအလာကန့်သတ်စောင့်ကြည့်မှုများကို
ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ယင်းကဲ့သို့ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု
ပြုလုပ်နေသည့် Quarantine Center ၆၂၀ ကျော် ရှိနေပြီး အများစုမှာ အခြေခံပညာကျောင်းများတွင်
ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တစ်ခုလုံးတွင် ယနေ့ မေလ ၁၇ ရက်အထိ COVID-19 ပိုးတွေ့လူနာ
စုစုပေါင်း ၇ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၅ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ
လက်ရှိ ဆေးရုံတက် လူနာ ၂ ဦးဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ လူနာအမှတ်
(၆၄) နှင့် လူနာအမှတ် (၁၁၂) တို့သည်လည်း ကျန်းမာရေး ကောင်းမွန်နေလျက်ရှိသည်ဟု သိရသည်။
.