နန်းဝင်းရီ
.
COVID-19 ကြောင့် စက်သုံးဆီ စျေးနှုန်းများ
စံချိန်တင် ကျဆင်းနေလျက် ရှိရာ ယခုရက်ပိုင်း၌ ဈေးနှုန်း အနည်းငယ် ပြန်လည် မြင့်တက်လာကြောင်း
စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
.
“ 92 နဲ့ 95 က စျေးတက်တယ်။ သိပ် မရောင်းကောင်းဘူး၊
အရောင်း ပါးတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ သိပ် မထွက်တော့၊ သိပ် မထည့်ကြဘူး။” ဟု တောင်ကြီးမြို့မှ
စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ
စက်သုံးဆီ အရောင်းဆိုင်များ၌ ယနေ့ (မေလ ၁၅ ရက်)တွင် ဓါတ်ဆီ 92 တစ်လီတာလျှင် ၄၄၅ ကျပ်၊
95 တစ်လီတာလျှင် ၆၀၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၅၁၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်
တစ်လီတာလျှင် ၅၃၀ ကျပ်ဖြင့် ရောင်းချနေလျက် ရှိကာ ပြီးခဲ့သည့် ဧပြီလကုန်ခန့်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင်
၅၀ ကျပ် ဝန်းကျင်ခန့် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
.