စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လုံကန်ကျေးရွာအုပ်စု၊
နန်းတောင်ကျေးရွာတွင် မေလ ၁၆ ရက်၊ ညနေပိုင်းက ငွေကျပ် ၁၂၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား
လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
.
နန်းပန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
မေလ ၁၆ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က သတင်းအရ ညောင်ရွှေမြို့နယ်၊ လုံကန်ကျေးရွာအုပ်စု၊
နန်းတောင်ကျေးရွာနေ ထွန်းဦး ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းအား နေအိမ်တွင် အသင့်တွေ့ရပြီး
နေအိမ်ဧည့်ခန်း ကြမ်းပြင်ပေါ်၌ အနက်ရောင် ကြွပ်ကြွပ်အိတ် အတွင်း ရှမ်းစက္ကူဖြင့် ထုတ်ထားသည့်
WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ ပြား၊ နေအိမ် အိပ်ခန်း အိပ်ယာဘေးရှိ
အနီရောင် ချည်လွယ်အိတ်အတွင်းမှ WY စာတမ်းပါ အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀၀ ပြား၊
စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀၀ ပြား၊ ကာလတန်ဖိုး ၁၂၆ သိန်းခန့်အား ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထွန်းဦး
(၄၀ နှစ်) အား နန်းပန်နယ်မြေရဲစခန်းမှ မယ (ပ) ၁၃/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.