နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာအနီးတွင်
မေလ ၈ ရက်၊ ညနေပိုင်းက မော်တော်ယာဉ် တစ်စီးပေါ်မှ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ
ဖမ်းမိခဲ့ကြောင်း သိရသည်။
.
![]() |
Photo – CCDAC Myanmar
|
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
မေလ ၈ ရက်၊ ညနေ ၃ နာရီခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ်၊ ပင်လောင်း-တုံဟုံးလမ်းပေါ်တွင် စောင့်ဆိုင်းရှာဖွေနေစဉ် တုံဟုံးဘက်မှ
ပင်လောင်းဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် နောက်ပြန်လှည့်ကာ
ထွက်ပြေးမောင်းနှင်သွားခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ပူးပေါင်းအဖွဲ့မှ လိုက်လံပိတ်ဆို့ရှာဖွေခဲ့ရာ ညောင်ရွှေမြို့နယ်၊
စံကားကျေးရွာအနီးတွင် အဆိုပါ မော်တော်ယာဉ် အား တိမ်းမှောက်လျက် ပင်လောင်းမြို့နယ်၊
တောင်လေးကျေးရွာနေ ယာဉ်မောင်း ခမ်းထီ (ခ) ကုလား (၃၃ နှစ်) နှင့်အတူ တွေ့ရပြီး ယာဉ်အား
ဆက်လက်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်း ထိုင်ခုံပေါ်မှ Win ဆပ်ပြာမှုန့် တံဆိပ်ပါ လိမ္မော်/အဖြူရောင်
ဆာလာအိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား၊ ကာလတန်ဖိုး
ကျပ်သိန်း ၃၀၀အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ခမ်းထီ (ခ) ကုလား ၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများးအား ပြန်လည်ရောင်းချရန်အတွက်
နမ့်စန်မြို့နယ်တွင် အမျိုးသား တစ်ဦးထံမှ ဝယ်ယူလာခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းအား
နန်းပန်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ
ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.