အင်းလေးဒေသတွင် အိမ်မွေးဝက်များ ကောင်ရေ ရာနှင့်ချီ သေဆုံးမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

အင်းလေးဒေသတွင် အိမ်မွေးဝက်များ ကောင်ရေ ရာနှင့်ချီ သေဆုံးမှုဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အိမ်မွေးဝက်များ ရာနှင့်ချီ သေဆုံးမှု ဖြစ်ပွားနေသဖြင့် စားသုံးသူများ သတိပြုရန် လိုအပ်ကြောင်း ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးဌာန က  အသိပေးထုတ်ပြန်ထားသည်ဟု သိရသည်။
.
 
.
“တိကုအဖွဲ့ကတော့ ၂ ဖွဲ့ခွဲပြီး ရွာတွေကို ကုသရေး ဆင်းနေပါတယ်။ ဝက်သေသားတွေ မစားကြဖို့လည်း အသိပေး ထုတ်ပြန်နေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသားတွေ ရောင်းချရင် အရေးယူဖို့ သတိပေး ထုတ်ပြန်ထား ပါတယ်။ ဝက်သေတွေကို လိုက်ဝယ်နေတယ် ဆိုတဲ့သတင်းကတော့ မဟုတ်ပါဘူး။ ခုကာလမှာ အရောင်းအဝယ်လည်း ပါးတော့ ဝက်သားအရောင်းအဝယ် မရှိသလောက်ပါပဲ။ စစ်ဆေးပြီးမှ ရောင်းချစေပါတယ်” ဟု ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာမြင့်က ပြောသည်။
.
ထိုကဲ့သို့ ဝက်များသေဆုံးမှုနှင့် ပတ်သက်၍ မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို မသိရှိရသေးသော်လည်း ရွှေအင်းသူ အမျိုးသမီးကိုယ့်အားကိုယ်ကိုးအဖွဲ့မှ စီမံကိန်းဝင် ကျေးရွာများ၏ မွေးမြူထားသော ဝက်ကောင်ရေ ၄၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.
ရွှေအင်းသူ အမျိုးသမီးကိုယ့်အားကိုယ်ကိုးအဖွဲ့၏ ထုတ်ပြန်ချက်တွင် DCA-NCA စီမံကိန်းဝင် ကျေးရွာများ၌ သေဆုံးသည့် ဝက်ကောင်ရေစာရင်းမှာ ဆည်မကျေးရွာမှ ၃၇ ကောင်၊ ဆီဆုံ (အနောက်မြောက်) ကျေးရွာမှ ၅ ကောင်၊ ဆီဆုံ(အနောက်တောင်) ကျေးရွာမှ ၁၂ ကောင်၊ ဟဲလုံကျေးရွာမှ ၂ ကောင်၊ ဟတ်ပုံး (ရှေ့) ၁၈ ကောင်၊ ဟတ်ပုံ (နောက်) ၂၃ ကောင်၊ စည်ပင်သာ ၆၈ ကောင်၊ ချောင်းကန့် ၃၂ ကောင်၊ အင်းပေါ့ခုန်ရွာသစ် ၂၁ ကောင်၊ ကန်ခေါင်း (ရှေ့) ၃၀ ကောင်၊ ကန်ခေါင်း (နောက်) ၈ ကောင် ဖြစ်ကြောင်း ဖော်ပြထားသည်။
.
ထို့အပြင် MEDA စီမံကိန်းဝင်ကျေးရွာများဖြစ်သော လွယ်မောကျေးရွာ၌ ၂ ကောင်၊ နားဋောင်းကျ ၃၀ ကောင်၊ လယ်ပြင် ၁၂ ကောင်၊ သပြေပင် (နောက်) ၂ ကောင်၊ သရက်သုံးပင် ၁၅ ကောင်၊ ကျေးပေါ့ခုန် ၅၀ ကောင်၊ ပြင်လိမ့်ထက် ၃၀ ကောင်၊ ဘုရားကြီးရှေ့ ၆ ကောင်၊ ညောင်ပင်သာ ၅ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
.
“ဒီစာရင်းက စီမံကိန်းအရ ဖြစ်တယ်။ ချေးငွေမယူတဲ့ တစ်ပိုင်တစ်နိုင် မွေးမြူသူတွေဆီမှာလည်း အများကြီး သေတာ ရှိတယ်။ ရွာမှာဆိုရင် တစ်ရက်ထဲ ၁၅ ကောင် သေသလို တစ်ရွာလုံးပေါင်းရင် တစ်ရာကျော်သွားပြီ။ အင်းတစ်ခုလုံး ဆိုရင် ထောင်နဲ့ချီရှိမယ်လို့ ယူဆတယ်။ သေတဲ့ဝက်တွေကို ရောင်းဝယ်နေတယ်ဆိုတဲ့ သတင်းတွေ တွေ့ရတယ်။ သေတဲ့ဝက်ကို မြေမမြှုပ်ဘဲ ဆာလာအိတ်နဲ့ထည့်ပြီး ရေပေါ်စွန့်ပစ်နေတာတွေလည်း မိုင်းပျိုးရေသာရွာနဲ့ ဟဲလုံရွာကြား၊ ရေထိန်းတမံအနီးမှာ တွေ့တယ်လို့ ပြောကြတယ်။ ဒီလိုဝက်တွေ အစုလိုက်အပြုံလိုက် သေဆုံးနေတာက လူကို မကူးစက်ဘူး ဆိုပေမဲ့ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ မဖြစ်လာအောင် ကာကွယ်နိုင်ဖို့ လိုပါတယ်” ဟု ဟဲယာရွာမ ကျေးရွာနေ ဦးစိုးမြင့်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးခဲ့သည့် ဝက်များမှာ မသေမီတွင် နှာခေါင်းမှ သွေးများယိုစီးထွက်ကာ အော်ဟစ်သေဆုံးနေကြခြင်းဖြစ်သည်ဟု ဒေသခံ ကျေးရွာသားများထံက သိရသည်။
.
သေဆုံးဝက်များအား စနစ်တကျ မြှုပ်နှံရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ အကြောင်းကြားစာ ထုတ်ပြန် ထားသည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် အစည်းအဝေးရှိနေကြောင်း ပြောဆိုခဲ့ပြီး ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About