ညောင်ရွှေတွင် လမ်းဘေးခွေးများအား သတ်ဖြတ်သူ ၂ ဦးကို ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေတွင် လမ်းဘေးခွေးများအား သတ်ဖြတ်သူ ၂ ဦးကို ဖမ်းဆီး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မေလ ၁ ရက်၊ ညနေပိုင်းက လမ်းဘေးခွေးများအား သတ်ဖြတ်သသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးကို မသင်္ကာသဖြင့် လွန်ခဲ့သည့် ရက်ပိုင်းကတည်းက စောင့်ကြည့်နေခြင်းဖြစ်ပြီး မေလ ၁ ရက်၊ ညနေပိုင်းတွင် သက်သေခံခွေးသေနှင့်အတူ လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ညောင်ရွှေမြို့ရှိ ခွေချစ်သူများ (Dog Shelter-DHT) အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလှိုင်ထံက သိရသည်။
.
“အသားကင်ဆိုင်မှာ စောင့်ကြည့်နေတာ မကင်ဘဲ အစိမ်းလိုက် ၁၅၀၀ ဖိုး ဝယ်သွားတယ်ဆိုတော့ သေချာပြီဆိုပြီး လိုက်ကြည့်တော့ ခွေးအသေကောင်နဲ့အတူ ဖမ်းမိလို့ ရဲစခန်းကိုအပ်ခဲ့ပါတယ်။ လတ်တလောမှာ ရဲစခန်းက ခံဝန်ပေး ထားတယ်လို့ သိရပါတယ်။ တရားလိုအနေနဲ့ အမှုဖွင့်ပြီး ဒီခွေးတွေကို ဘာလို့သတ်တယ်၊ ဘယ်သု့ကို ရောင်းတယ် ဆိုတာတွေ၊ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုတွေကို ပေါ်လွင်စေချင်တယ်” ဟု ဦးသန်းလှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မေလ ၁ရက် ညနေ ၆ နာရီခန့်တွင် တွန်းလှည်းအကင်ဆိုင်မှ ကြက်သားကင် ၁၅၀၀ ဖိုးဝယ်ယူသည့် စုံတွဲ့ကို မသင်္ကာ၍ လိုက်ခံစောင့်ကြည့်ပြီးနောက် အဖွဲ့ဝင်များနှင့်ချိတ်ဆက်ရှာဖွေရာမှ ညောင်ရွှေမြို့၏ဝင်ပေါက် မြို့ဦးစေတီအနီးတွင် ဆိုင်ကယ်တစ်စီးနှင့် စုံတွဲကို ခွေးအသေကောင်အမဲရောင်တစ်ကောင်နှင့်အတူ လက်ပူးလက်ကြပ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ ခွေးအသေကောင်နှင့်အတူ တွေ့ရှိရသည့် စုံတွဲမှာ ရွှေညောင်မြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် နေတိုင်သူများဖြစ်ကြောင်းသိရသည်။
.
ဖမ်းဆီးရမိသူများ၏ ပြောကြားချက်အရ ခွေးအသေကောင် ဝယ်ယူသူရှိ၍ ဖမ်းဆီးသတ်ဖြတ်ရခြင်းဖြစ်ကြောင်းနှင့် ကြက်သားများဖြင့် ခွေးကို မြူဆွယ်ဖမ်းဆီးကာ အိတ်အတွင်းထည့်၍ ခွေးလည်ပင်းကို သံနန်းကြိုးဖြင့် ရစ်ပတ် သတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“မနေ့ညက စခန်းမှူးလည်း.တင်ပြထားပါတယ်။ တရားလိုအနေနဲ့ခွေးချစ်သူများအဖွဲ့က လုပ်မယ်ဆိုရင် လာမယ့် ရုံးဖွင့်ရက်မှာ အမှုဖွင့်ဆောင်ရွက်သွားဖို့ရှိပါမယ်” ဟု ညောင်ရွှေမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် မြင့်ဇော်ဦး ကပြောသည်။
.
ခွေးချစ်သူများအဖွဲ့မှ ညောင်ရွှေမြို့အရှေ့ဘက် ထပ်အိမ်ရှိ မုဒိတာဘုန်းတော်ကြီးကျောင်း၏ ၃ ဧက အကျယ်ရှိသည့် မြေပေါ်တွင် ခြံပြုလုပ်ကာ ၂၀၁၄ ခုနှစ်မှစ၍ ကူကယ်ရာမဲ့လေလွင့်လမ်းဘေးခွေးများကို စတင်မွေးမြူခဲ့ရာ လက်ရှိတွင် ကောင်ရေ ၄ဝဝ ရှိနေပြီဖြစ်ပြီး ၎င်းတို့အတွက် ခွေးချစ်သူများ အလှူရှင်များက ကျွေးမွေးမှုများဖြင့် ရပ်တည်နေသည်ဟု ဦးသန်းလှိုင်က ထံက သိရသည်။
.
၎င်းတို့ အဖွဲ့အနေဖြင့် ခွေးဆိုးများ၊ ဒုက္ခရောက်နေသည့် လမ်းဘေးခွေးများကို ကယ်ဆယ်ထားရှိကာ ခွေးထီးများအား သင်းကွပ်ခြင်း၊ ခွေးမများအား ကာကွယ်ဆေးထိုးခြင်း၊ လူထုမှ အကူအညီတောင်းခံလာသည့် အခါ ခွေးများကို သွားရောက် ဖမ်းဆီးထိန်းသိမ်းပေးခြင်းများကို တိရိစ္တာန်ဆေးကုဌာနများ၊ စည်ပင်သာယာရေးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိရာ တောင်ကြီး၊ ရွှေညောင်၊ အောင်ပန်း၊ ကလော၊ ဟဲဟိုးမြို့များအပြင် ပင်းတယ၊ ရွာငံ၊ မြင်းမထိ တို့အထိ သွားရောက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
.
“စည်ပင်ကတော့ လေလွင့်ခွေးဆိုရင် ရှင်းလင်းတာပေါ့။ ခုခွေးချစ်သူများအဖွဲ့ကိုကြတော့ သူတို့ခြံအတွက် လိုအပ်တဲ့ အလှူရှင်ရှာပေးတာကအစ ကူညီပေးပါတယ်။ တစ်ခုက ဒီမှာ ခွေးခြံရှိတယ်ဆိုပြီး လာပစ်ကြတော့ ခွေးချစ်သူအဖွဲ့ လည်း မနိုင်ဘူး။ တတ်နိုင်သမျှတော့ လုပ်ဆောင်ပေးနေပါတယ်” ဟု ညောင်ရွှေစည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာအေးကပြောသည်။
.
လက်ရှိ ညောင်ရွှေမြို့ပေါ်တွင် လေလွင့်ခွေးကောင်ရေ ၂၀၀၀ ခန့်ရှိမည်ဟု စည်ပင်ဌာနကခန့်မှန်းထားပြီး ခွေးခြံတွင် ကောင်ရေ ၂၈၀ ကျော်ကို လုပ်သား ၄ ဦးဖြင့် ပြုစုစောင့်ရှောက်နေကာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊စေတနာရှင်များ၊ ခွေးချစ်သူ များ၏ လှူဒန်းငွေများနှင့်ရပ်တည်နေရကြောင်း သိရသည်။
.

Journal Download

Photo of three cats