နောင်တရားရှိ ဂေါ်ဖီစိုက် တောင်သူများ အရှုံးနည်းပါးစေရေးအတွက် သီးနှံအသင်းများမှ ကူညီဆောင်ရွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားရှိ ဂေါ်ဖီစိုက် တောင်သူများ အရှုံးနည်းပါးစေရေးအတွက် သီးနှံအသင်းများမှ ကူညီဆောင်ရွက်နေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ဂေါ်ဖီစိုက် တောင်သူများ အရှုံးနည်းပါးစေရေးအတွက် သီးနှံအသင်းများမှ ကူညီဆောင်ရွက်ပေးနေကြောင်း နောင်တရား အာလူးစိုက်တောင်သူများအသင်းထံက သိရသည်။
.
ဓါတ်ပုံ - ခွန်ဆန်းဦး
 
.
“ဒီတောင်သူတွေက ဂေါ်ဖီချိန်ဆို ဂေါ်ဖီ၊ အာလူးချိန်ဆိုအာလူးစိုက်ကြတာပေါ့။ ဒီနှစ်ကတော့ COVID-19 နဲ့ ဂေါ်ဖီ တိုက်ပွဲလို့ဆိုရမယ်၊ ဝယ်သူမရှိတော့  တောင်သူတွေ အရှုံးများကြတာကို ခံသာစေဖို့ အရှုံးနည်းစေဖို့ သူတို့လက်ခံနိုင် လောက်တဲ့ စျေးနှုန်းတွေညှိနှိုင်းပြီး သီးနှံအခက်အခဲဖြစ်နေတဲ့ နေရာတွေကို လှူရင် ဒီစျေးဒီစျေးပေါ့၊ ကားခ လှူမယ်ပေါ့။ ဒါမျိုးနဲ့ တောင်သူတွေ အရှုံးနည်းအောင် ကူညီဆောင်ရွက်ပေးနေတာပါ။ လှူငွေနည်းတော့လည်း အိတ်စိုက်နေရတာပေါ့။ လှူသူများစေဖို့ စေတနာရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။ ဒီနေ့ဆို ကုန်ကျငွေ သိန်း ၃ဝဝ ကပ်တော့မယ်။ အခုပဲ တပ်ကား ၁၆ စီး နယ်ကား ၁၀ စီးလောက်တင်ရမယ်” ဟု နောင်တရား အာလူးစိုက် တောင်သူများအသင်း ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်ထွက် ကုန်စိမ်းစျေးကွက်ရှိသည့် ရန်ကုန်လမ်းတစ်လျှောက် မြို့များအပြင် ရခိုင်ပြည်နယ်မှ လှူဒါန်းသူများ ရှိရာသို့ ပို့ဆောင်ပေးနေသည့်အပြင် မန္တလေးဘက်သို့လည်း လိုအပ်နေသူများထံရောက်ရှိရေး စီမံဆောင်ရွက် နေရကြောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတအဖွဲ့များက အများဆုံးမှာယူကြကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် မေလ ၁၉ ရက်က ရန်ကုန်သို့ ဂေါ်ဖီထုပ် ၇၅၆ဝ ထုပ်၊ မန္တလေး၊ ပခုက္ကူ၊ မကွေး၊ ကျောက်ပန်းတောင်း မြို့များသို့ ၂၆၈၇၀ ထုပ်၊ မေ ၂၀ ရက်တွင် ရန်ကုန်၊ ဖားအံ၊ သထုံ၊ သာစည် မြို့များသို့ ၄၈၂၄၅ ထုပ်၊ မေလ ၂၁ ရက်တွင် ရန်ကုန်၊ စစ်ကိုင်း၊ တောင်ငူ၊ သံတောင်ကြီး၊ ခရမ်း၊ သုံးခွ၊ ဒိုက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့များသို့ ၆၈၁၀၀ ထုပ် ပို့ဆောင်ပေးခဲ့သည့်ဟု သိရသည်။
.
တောင်သူများထံ ငွေသားဖြင့် လက်ငင်းဝယ်ယူပေးပြီး သယ်ယူကားခ အပါအဝင် ဂေါ်ဖီတစ်ထုပ်လျှင် ရန်ကုန်သို့ ၁၅၅ ကျပ် ကျသင့်ပြီး မန္တလေးနှင့် အခြားမြို့များသို့ ၁၂၀ ကျပ်  ကျသင့်ကြောင်းနှင့် စေတနာရှင်များမှ လှူဒါန်းမှုရရှိငွေ ကျပ် ၁၅၅၉၀၀၀၀ ရှိပြီး ကုန်ကျငွေ ၂၂၄၂၉၆၇၅ ကျပ်ရှိသဖြင့် မေလ ၂၁ ရက်အထိ ကုန်ပိုင်ငွေမှ စိုက်ငွေ ၆၈၃၉၆၇၅ ရှိသည်ဟု သိရသည်။
.
တပ်မတော်ရိက္ခာအနေဖြင့် ရောင်းတန်းမလှ ဂေါ်ဖီထုပ်များကို တစ်ထုပ်လျှင် ၅ဝ ကျပ်နှုန်းဖြင့် ဝယ်ယူကူညီပေး နေခြင်းဖြစ်ပြီး ရန်ကုန်သစ်သီးဝလံအသင်းမှလည်း တစ်ရက်လျှင် ၁၂ ဘီး ၂ စီးခန့် ကူညီရောင်းချပေးလျက်ရှိ သော်လည်း ရောင်းတန်းမလှသဖြင့် နေ့စဉ်အဆင်ပြေမှုမရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံအသင်း အတွင်းရေးမှူး ဦးကျော်သူက ထံက သိရသည်။
.
“ရောင်းတန်းမလှလို့ အခု လှိုင်သာယာနဲ့ ရွှေပြည်သာတို့မှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ပရဟိတအဖွဲ့တွေ၊ လိုအပ်သူတွေကို လှူပေးနေပါတယ်” ဟု ဦးကျော်သူက ပြောသည်။
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဂေါ်ဖီစိုက်ဧက ၁၆၀၀ ကျော် ရှိပြီး စိုက်ပျိုးထွက်ရှိမည့် ဂေါ်ဖီထုပ်ရေ ၅ သိန်းကျော် အတွက် ဆက်လက်ပို့ဆောင်နိုင်ရေး ကြိုးပမ်းနေသော်လည်း ဆုံးရှုံးမှုများပြားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.

Journal Download

Photo of three cats