နန်းဝင်းရီ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လက်မောင်းကွေး ကျေးရွာအုပ်စု၊
ပန်းတင်ကျေးရွာ အနီးတွင် ယနေ့(မေလ ၁၁ ရက်)၊ နေ့လယ်ပိုင်း၌ မိုးကြိုး ပစ်ခံရ၍
အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
“ အခုမှ စိစစ်တုန်း ရှိသေးတယ်။ မိုးကြိုး ပစ်ခံရတာက သေဆုံးသွားပြီ၊
အမျိုးသားပါ။ လယ်ကွင်းထဲမှာ ဖြစ်တာ နွားကျောင်းရင်းနဲ့။ တခြား ထိခိုက်တာတွေတော့ မရှိဘူး။”ဟု
ညောင်ရွှေမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိုးကြိုး ပစ်ခံရ၍ သေဆုံးသူမှာ ပန်းတင်ကျေးရွာနေ အသက် ၃၀ အရွယ်
အမျိုးသား တစ်ဦး ဖြစ်ပြီး ယနေ့၊ နေ့လယ် ၁ နာရီကျော်ခန့်က ပန်းတင်ကျေးရွာ မြောက်ဘက်
လယ်ကွင်းအတွင်း၌ နွားကျောင်းနေစဉ် မိုးကြိုး ပစ်ခံရ၍ ရရှိသော ဒဏ်ရာများဖြင့် နေရာတွင်
သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီး ကျေးရွာအုပ်စု၊ တောင်ပို့ကြီးမြောက်ကျေးရွာ
ဝန်းကျင်၌ မေလ ၁၁ ရက်၊ နေ့လယ်ပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၄ လုံးခန့်
ပျက်ဆီး ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။
.