နမ့်စန်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် မြေစာရင်းဦးစီးဌာနမှူး အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 26, 2020

နမ့်စန်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် မြေစာရင်းဦးစီးဌာနမှူး အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်းဌာန) သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယခင် ရွှေကျင်မြို့နယ် မြေစာရင်းဦးစီးမှူး အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရကြောင်း သိရသည်။
.
 
.
အဆိုပါ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မှ ပြောင်းရွှေ့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းသည် ရွှေကျင်မြို့တွင် လယ်ယာမြေပုံစံ (၇) ရရှိရေးအတွက် တစ်ဧက ကျပ် ၁၀၀၀၀ နှုန်း တောင်းခံခဲ့သည့်အတွက် အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ACC) က မေလ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာမှူး ဦးရဲထွဋ်အောင်သည် ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာရှိ တောင်သူများ၏ လယ်ယာမြေ ပုံစံ (၇) ရရှိရေး တိုင်းတာဖော်ထုတ်မှု အတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း တောင်းခံခဲ့သဖြင့် အရေးယူပေးရန် ကော်မရှင်သို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရွှေကျင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင်၊ လက်ထောက်ဦးစီးမှူး ဦးနွယ်မင်းသန်းနှင့် မြေတိုင်း (၄) ဦးသန်းဇော်မင်းတို့သည် ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာ၊ ကွင်းအမှတ် (၃၄)၊ ဧရိယာ ၉၈၇ ဒသမ ၇၁ ဧကအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) များ ထုတ်ပေးရာတွင် လယ် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ပေးသွင်းရန် ပြောဆို၍ တောင်သူများထံမှ ငွေကျပ် ၉၂ သိန်းတိတိအား လက်ခံ ရယူခဲ့ကြောင်း  စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့(၃)ဦး အပေါ်အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ရွှေကျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးရဲထွဋ်အောင်သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် နမ့်စန်မြို့တွင် Quarantine ဝင်ရောက်ကာ အမှု ရင်ဆိုင်ရန်အတွက် ရွှေကျင်မြို့သို့ ပြန်သွားရာ၌ အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ နမ့်စန်မြို့နယ် ဥက္ကဋ္ဌ ဦးနေဇော်နိုင်ထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About