နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေး ကုသမှု ခံယူနေသော ကျောက်မဲမြို့မှ COVID-19 ပိုးတွေ့လူနာ အမှတ်(၁၄)၏ ဒုတိယအကြိမ် ဓာတ်ခွဲအဖြေတွင်
ရောဂါပိုး မတွေ့ရကြောင်း သိရသည်။
.
ယင်း COVID-19 ပိုးတွေ့လူနာ အမှတ် (၁၄) ၏ ဓါတ်ခွဲနမူနာအား ၅ ကြိမ် အထိ
ဓါတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်ပြီး စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ် စစ်ဆေးမှုတွင် ၂
ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိတော့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“
Negative ၂ ကြိမ်ပါ။ ဆေးရုံ ဘယ်လို ပေးဆင်းရမလဲဆိုတော့ ဒီမှာ ရှိတဲ့
သမားတော်ကြီးတွေနဲ့ နေပြည်တော်က ရုံးချုပ်နဲ့ ကျွန်တော်တို့ တိုင်ပင်ပြီးတော့ စီစဉ်မှာပါ၊
ဆင်းရဖို့ များပါတယ်။ ကျန်းမာရေး အခြေအနေလည်း ကောင်းပါတယ်။ Positive က ဒီကြားထဲမှာ ၂ ခါလောက် ထွက်ထားတော့ အဲတာလေးတစ်ခုကိုပဲ
ကျွန်တော်တို့ နည်းနည်းလေး စောင့်ကြည့်ချင်တဲ့ အနေအထား တစ်ခုပဲ ရှိပါတယ်။ ဒါပေမဲ့
ဆင်းရဖို့ပဲ ရှိပါတယ်။” ဟု
လားရှိုးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာဉာဏ်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူနာအမှတ် (၁၄)သည်
ထိုင်းနိုင်ငံမှ ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၂၄ နှစ်အရွယ်
အမျိုးသား ဖြစ်ပြီး ကျောက်မဲဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍
ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး
တွေ့ရှိခဲ့ပြီးနောက် လားရှိုးဆေးရုံသို့ ပြောင်းရွှေ့၍ ဆေးကုသမှု ပေးနေခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (မေလ ၁
ရက်)၊ နံနက် ၇ နာရီအထိ COVID-19
ပိုးတွေ့ အတည်ပြုလူနာ ၁၅၁ ဦး ရှိလာပြီ ဖြစ်ပြီး ယင်းအနက် ၆
ဦး သေဆုံး၍ ၂၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိ၍ ၂ ဦးမှာ ပြန်လည် သက်သာလာပြီ
ဖြစ်ကြောင်း သိရသည်။