ကမ္ဘောဇတိုင်း
.
ကမ္ဘောဇဘဏ်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ အရေးပေါ်လိုအပ်နေသည့်
၅၀၀ kVA မီးစက်နှင့် ဆက်စပ်ပစ္စည်းများကို
မေလ ၁၇ ရက်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ပစ္စည်းများအား ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက
တန်ဖိုး ကျပ်သိန်း ၁၂၅၀ ရှိသည့် အမေရိကန်နိုင်ငံ Caterpillar ကုမ္ပဏီ အမျိုးအစား ၅၀၀
kVA မီးစက်ကြီး၊ Auto Transfer System (ATS) နှင့် Ground earthing equipment တို့ကို National
Health Laboratory ၏ ဒုတိယညွှန်ကြားရေးမှုးချုပ် ပါမောက္ခ ဒေါက်တာ ဒေါ်ဌေးဌေးတင်ထံ
ပေးအပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
“COVID- 19 ကူးစက်ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်တဲ့အခါမှာ အများပြည်သူကို
ဝန်ဆောင်မှုတွေပေးနေတဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကို ကဏ္ဌအသီးသီး၊ လူမှုအသိုင်းအဝိုင်း
အသီးသီးက အတူလက်တွဲ ကူညီပေးကြဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်မတို့ ကမ္ဘောဇဘဏ်ဟာ
COVID-19 ရောဂါကို မြန်မာနိုင်ငံမှာ မတွေ့ခင်ကတည်းက ပြည်သူများအတွက် လှူဒါန်းမှုများစတင်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုဟာ ယခုလက်ရှိ
ပြည်သူလူထုရဲ့ အသက်ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ပေးနေတဲ့ NHL ရဲ့ အရေးကြီးတဲ့
စမ်းသပ်စစ်ဆေးမှုနဲ့ သုတေသန လုပ်ငန်းတွေကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။" ဟု
ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ပြောကြားခဲ့သည်။
.
National Health Laboratory ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ
ဒေါက်တာ ဒေါ်ဌေးဌေးတင်က “နေ့စဉ် အဖြေထုတ်နေရတဲ့ ဓါတ်ခွဲနမူနာများကို အနာဂတ်ကာလမှာ သုတေသနလုပ်နိုင်ရန်အတွက်
ကာလရှည်သိမ်းဆည်းထားနိုင်ဖို့၊ မော်လီကျူးလာနည်းဖြင့် စမ်းသပ်စစ်ဆေးတဲ့အခါမှာ သုံးဖို့လိုအပ်တဲ့
ဓါတ်ခွဲဆေးပစ္စည်းတွေကို သိုလှောင်မှု စတာတွေကို ဆောင်ရွက်နိုင်ဖို့ ကျွန်မတို့မှာ
-၈၀ ဒီဂရီ -၃၀ ဒီဂရီ ရှိတဲ့ Deep Freezer ကြီးတွေထားရပါတယ်။ ဒီစက်တွေက စဉ်ဆက်မပြတ်
လုံလောက်တဲ့ ဓါတ်အားပမာဏရနေဖို့ လိုအပ်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုဟာ
COVID-19 ဆေးစစ်ချက်တွေ နေ့စဉ်ထုတ်ပေးရတဲ့ လုပ်ငန်းများအပြင် အခြားသော ရောဂါရှာဖွေဓါတ်ခွဲမှုများအတွက်လည်း
များစွာ အကျိုးရှိမှာဖြစ်ပါတယ်။ “ ဟု ပြောကြားပါသည်။
.
ကမ္ဘောဇဘဏ်သည် COVID 19 ရောဂါ ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချူပ်ရေး
လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် KBZ MS General Insurance၊
KBZ Life၊ Myanmar Airways International (MAI) နှင့် Air KBZ တို့နှင့် လက်တွဲ၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စ၍ ယနေ့အချိန်အထိ ကျပ်သိန်းပေါင်း
၃၅,၂၂၄ သိန်း( သိန်းပေါင်း သုံးသောင်းငါးထောင်နှစ်ရာနှစ်ဆယ့်လေးသိန်း) လှူဒါန်းထားပြီး
ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင်
လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
.